Pages

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ The Buddha (BC 623- BC 543) အပိုင်း (၉) by- မြို့ မ မြင့်ကြွယ် Myoma Myint Kywe



The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ
အပိုင်း () Part 9
Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်
သိရှိလိုက်နာအပ်သော မှတ်တမ်းစာများ  
ယနေ့ခေတ်လူတွေ သည် ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာကြပါသည်။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချ ရကောင်းမှန်းမသိကြပါ။ ဒီလိုအခြေအနေတွေကိုသိလို့  မြတ်စွာဘုရားက နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ် ဟုဟောတော်မူ
ခဲ့ပါသည်။ ထိုဗုဒ္ဓဘာသာ(၅)မျိုးမှာ

(
၁) ကုလ ဗုဒ္ဓဘာသာ
(
၂) လာဘ ဗုဒ္ဓဘာသာ
(
၃) ဘယ ဗုဒ္ဓဘာသာ
(
၎) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

(
၁) ကုလ (မိရိုးဖလာ) ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓ ဘာသာဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒါကို မိရိုးဖလာ ကုလ ဗုဒ္ဓဘာသာဖြစ်တယ်။

မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ ဘုရားဘာ တရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့ မြတ်စွာဘုရားဘာကြောင့်
ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော် ကိုဘာကြောင့်ကိုးကွယ်
ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလ ဗုဒ္ဓဘာသာပါ။

(
၂) လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာ ဆိုတာ လာဘ်လာဘ လိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေး တက်မလား ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။ အဓိကစီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ ကိုကြီးကျော်၊ မနှဲလေး အစ ရှိ တဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ် တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာ လို့ ခေါ်ပါတယ်။

(
၃) ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာ ဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက် ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါ သည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေ ကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ 

ကုလ၊ လာဘ၊ ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အဆင့်နိမ့် ဗုဒ္ဓဘာသာများ ဟုခေါ်ပါသည်။

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာ ဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရား ဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကို တကယ် သက်ဝင် ယုံကြည်တာ ကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါ ဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည် ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံ သွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ် ပါ ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော် ကိုဘာကြောင့်ကိုးကွယ်ရသလဲ။
မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရား လမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။

ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ ဘုရားရှင်ဟောတော် မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်- ဝိနည်း- အဘိဓမ္မာ တရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံ ကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်ချက်ရှိရပါမယ်။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ ယုံကြည်မှု ဖြစ်ပါတယ်။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘပေါ တယ် ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာ တွေရဲ့ ယုံကြည်ချက် မရှိရပါ။

ဗုဒ္ဓ ရဲ့ ဂုဏ်ကျေးဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည် မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရ မရှိတာကို မရှိဘူးလို့သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။
သိတဲ့အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(
၅) ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာ ကို ပညာဓိက ဟုခေါ်သည်။
ပညာဓိက ဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါး ကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက် မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာ ကမြင် တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါ တယ် ။ ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေ ပါတယ်။ သဒ္ဒါ (ယုံကြည်ချက်) နဲ့ ပညာ ဟာ တွဲလျက်ပါတဲ့။

သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ် မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ ဥာဏ်နဲ့ ဖြတ် လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာ ဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။

သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ) ဖို့လည်း လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊
ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါ နဲပြီး ပညာကဲ နေပြန်ရင်လဲ ပညာရှိ လူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။

လူသားတို့မကျင့်အပ်သောအရာ (၅) ပါး
၁. ခြင်္သေ့လိုလဲ မဟောက်နဲ့
၂. ဖားငယ်လိုလဲ မကြောက်နဲ့
၃. တောင်လိုလဲ မမောက်နဲ့
၎. မြစ်လိုလဲ မကောက်နဲ့
၅. တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ (၄) ပါး
၁.သစ္စာ - ကတိ သစ္စာတည်ရမည်
၂.ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း ကျင့်သုံးရမည်
၃.ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎.စာဂေါ - တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာအတွက် အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း (၆) ပါး
၁. အမျက်ထွက်လွယ်ခြင်း
၂. ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃. ရန်ငြိုးဖွဲ့ခြင်း
၎. ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅. ငြူဆူခြင်း
၆. ဝန်တိုခြင်း

စည်းရုံးရေးလမ်းစဉ် သင်္ဂဟ တရား (၄) ပါး
၁. ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း အကူအညီပေးခြင်း
၂. ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သောစကား
ကို ပြောဆိုခြင်း
၃. အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင် ကိုယ်နှုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎. သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်တူဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ (၅) ယောက်
၁. မိန်းမကျူးသောသူ တစ်ယောက်
၂. သေရည်သောက်စား သူတစ်ယောက်
၃. အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎. အမျက်ဒေါသကြီးသူ တစ်ယောက်
၅. မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း (၃) ပါး
၁. ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း
၂. မကောင်းသောမိန်းမ မယားပြုမိသောကြောင့် ပျက်စီးရခြင်း
၃. မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ (၈) ပါး
၁. မင်းမရှိသည့် တိုင်းပြည်
၂. ရေမရှိသည့် မြစ်
၃. သစ်မရှိသည့် တောခြောက်
၎. အတောက်မရှိသည့် မီး
၅. စည်းမရှိသည့် ရွာ
၆. ကြာမရှိသည့် ကန်
၇. အောင်လံမတည်သည့် ရထား
၈. လင် မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် (၆) ခု
၁. ပျင်းရှိခြင်း

၂. မေ့လျော့ပေါ့ဆခြင်း
၃. အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎. အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅. စည်းကမ်းမရှိခြင်း
၆. အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် (၆) ပါး
၁. နေမြင့်အောင် အိပ်ခြင်း
၂. ပျင်းရိခြင်း
၃. နှုတ်လက်ကြမ်းတမ်းခြင်း
၎. နှိုး၍ ထပ်ခဲခြင်း
၅. တစ်ယောက်တည်းခရီးသွားခြင်း
၆. ပဒါနကံပြု ခြင်း




မင်္ဂလာသုတ် (Mangala Sutta)
"အို....နတ်သား(God)..... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂ္လာ ဟူ၍ သင် မှတ်သားဦးလော့ (ခန္တီစ သောဝစဿတာ၊သမဏာနဉ္စ ဒဿနံ၊ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလာ မုတ္တမံ) " ဟူ၍ ဗုဒ္ဓ မြတ်စွာဘုရား ကမိန့်ဆိုခဲ့သည်။

မင်္ဂလာ သုတ် သည် ဗုဒ္ဓ မြတ်စွာဘုရား ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန် လည်းဖြစ်သည်။ မင်္ဂလာ သုတ်ပါဠိတော်သည် ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှဦးစီးဖွင့်လှစ်သည့်သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။

မင်္ဂလာ တရား ၃၈-ပါး တွင် ခန္တီစ မင်္ဂလာ - နေရာတိုင်း၌ သည်းခံရခြင်း သည် မင်္ဂလာ တရားဖြစ်ကြောင်း ပါဝင်သည်။ မင်္ဂလာ တရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သဝတ္ထိပြည် ၊ ဇေတဝန် ကျောင်းတော်၌် အကာလ ည အခါတွင် တောင်းပန် လျှောက်ထားမှု ကြောင့် လူ ၊ နတ် ၊ ဗြဟ္မာ Gods တို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် ခန္တီ ပါရမီ (သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် နာယကဂုဏ် ၆-ပါး နှင့် မင်းကျင့်တရား (၁၀)ပါး တွင် သည်းခံခြင်း(ခေါ်) ခန္တီတရားများ ထားရှိရခြင်းပါဝင်သည်။



မင်္ဂလသုတ် ရွတ်ဖတ်ရခြင်းအကျိုး

မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။

၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံ္တသဉ္စ မင်္ဂလံ။


၁။ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအပေါင်း တို့သည် တစ်ဆယ့်နှစ်နှစ်တို့ ကာလပတ်လုံး သတ္တဝါအများ ကြီးပွားချမ်းသာ ကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်၏၊ ထိုသို့ကြံစည် ကြလေကုန်သော်လည်း သုံးဆယ်ရှစ်ပါး အပြားရှိသော မင်္ဂလာတရားတော်ကို မသိနိုင်ကြကုန်။

၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။


၂။ နတ်တကာတို့၏ ဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသောမြတ်စွာဘုရားသည် အလုံးစုံသော သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ ထိုမင်္ဂလာတရားတော်ကို ဟောကြားတော်မူ၏၊ သတ္တဝါအများ ကြီးပွားချမ်းသာကြောင်းလည်းဖြစ်၏၊ ခပ်သိမ်းသော မကောင်းမှုတို့ကိုလည်း ဖျက်စီးပယ်ဖျောက်တတ်၏။

အို- သူတော်ကောင်းအပေါင်းတို့-
ထိုမင်္ဂလာတရားတော်ကို ငါတို့ရွတ်ဖတ်ကြပါကုန်စို့။


၃။ ဧဝံ မေ သုတံ-
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ သြဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ၊ ဘဂဝန္တံ အဘိဝါဒေတွာ၊ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

၃။ အရှင်ဘုရား မဟာကဿပ တပည့်တော် ရှင်တော်ဗုဒ္ဓထံမှ ဤသို့ ကြားနာ လိုက်ရပါ၏-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့အနီး အနာထပိဏ်သူဋ္ဌေး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေ တော်မူ၏။ ထိုအခါ အမျိုးအမည်အားဖြင့် မထင်မရှား အလွန်နှစ်လိုဖွယ် အဆင်း ရှိသော နတ်သားတစ်ယောက်သည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလုံးစုံသော ဇေတဝန်ကျောင်းတိုက်ကို ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းစေ ပြီးလျှင် မြတ်စွာဘုရား ရှိတော်မူရာသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးသောအခါ မြတ်စွာဘုရား ကို အလွန်ရိုသေစွာရှိခိုး၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လေ၏၊ ရပ်ပြီးလတ်သော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားတောင်းပန်၏။

၎။ ဗဟူ ဒေဝါ  မနုဿာ      စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၎။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား-
နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တ နှစ်သက်ကြကုန်သော နတ်လူအများတို့ သည် သတ္တဝါအများ ကြီးပွား ချမ်းသာကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြလေကုန်ပြီ၊ ထိုသို့ကြံစည်ကြကုန်သော်လည်း မသိကြပါကုန်၊ ဘုန်းတော်ကြီးတော်မူသော ရှင်တော် မြတ်ဘုရားသည် ထိုထူးမြတ်လှသော မင်္ဂလာတရားတော်ကို ဟောကြားတော်မူပါအရှင်ဘုရား။

၅။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။


၅။ အို နတ်သား သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၆။ ပတိရူပဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၆။ အို နတ်သား လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း၊ ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊ အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ အို နတ်သား အကြားအမြင်များသောသူဖြစ်ခြင်း၊ လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း၊ ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း၊ ကောင်းစွာပြောဆိုအပ်သော စကားရှိခြင်း ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ ဟူ၍ မှတ်လေလော့။

၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၈။ အို နတ်သား အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊ လယ်လုပ် ကုန်သွယ် ရောင်းဝယ်ခြင်းစသော အနှောက် အယှက်မရှိသော အမှုတို့ကို ပြုလုပ်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။

၉။ အို နတ်သား ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊ သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း၊ အဆွေ အမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊ ဥပုသ်စောင့်ခြင်း ရေတွင်း, ရေကန် တူးခြင်းစသော အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁ဝ။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁ဝ။ အို နတ်သား မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက် သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရား လေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ အို နတ်သား ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း၊ မာန်မာနကို နှိမ့်ချခြင်း၊ ရသမျှနှင့် ရောင့်ရဲလွယ်ခြင်း၊ သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊ သင့်လျော်သော အခါ၌ သူတော်ကောင်းတရားကို နာကြားခြင်း၊ ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၂။ အို နတ်သား သည်းခံခြင်း၊ သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်း၊ ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း၊ သင့်လျော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

၁၃။ အို နတ်သား ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သော အကျင့်ကိုကျင့်ခြင်း၊ အရိယာ သူတော်ကောင်းတို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊ တဏှာမှထွက် မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဤ တရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ အို နတ်သား လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသော ရဟန္တာ၏ စိတ်သည် မတုန်မလှုပ်၊ စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိ၊ ကိလေသာရမ္မက် ဟူ သော မြူလည်းမရှိ၊ ကြောက်ရွံ့ထိတ်လန့် ဘေးလည်းမရှိ၊ ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတိံ္ထ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
 
၁၅။ အို နတ်သား နတ်နှင့်တကွသော လူတို့သည် ဤ သုံးဆယ့်ရှစ်ပါးအပြား ရှိသော မင်္ဂလာတရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကုန် သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူတို့သည် မအောင်နိုင် ကြသဖြင့် ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏။

အို နတ်သား ထို သုံးဆယ့်ရှစ်ပါး မင်္ဂလာတရားတော်သည်သာလျှင် နတ်လူတို့ ၏ မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။
မင်္ဂလသုတ်တော် မြန်မာပြန် ပြီး၏။
 
ဘုရား၊ တရား၊ သံဃာသည် ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးသော ရတနာသုံးပါး ဖြစ်သည်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သီလစောင့်ထိန်းခြင်း၊ သမထ ဝိပဿ     နာ ပွားများ
ကျင့်ကြံခြင်းတို့သည် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်၏ နေ့စဉ်နေ့တိုင်း ဘဝတစ်သက်တာ ကျင့်ကြံရမည့် လုပ်ငန်းစဉ် ဖြစ်သည်။
 

ဘုရား ဂုဏ်တော် ၉ ပါး
-အရဟံ
-သမ္မာသမ္ဗုဒ္ဓေါ
-ဝိဇ္ဇာစရဏ သမ္ပန္နော
-သုဂတော
-လောကဝဒူ
-အနုတ္တရော ပုရိသဒမ္မသာရထိ
-ဗုဒ္ဓေါ
-ဘဂဝါ


ဘုရားဂုဏ်တော် အဓိပ္ပာယ်
၁။ အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုဖြစ်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်ဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီး ဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းဂုဏ်။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်ဆုံး အကျင့်ရှိသူဖြစ်ခြင်းဂုဏ်။
၎။ သုဂတော ဂုဏ်တော်
ဟုတ်မှန် အကျိုးရှိသော စကားကို ကောင်းစွာဆိုတတ်ခြင်း၊ နိဗ္ဗာန်သို့ ကောင်းစွာသွားတ်ခြင်း ဂုဏ်။
၅။ လောကဝဒူ ဂုဏ်တော်
သတ္တလောက၊ သင်္ခ࿿ါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို သိမြင်ခြင်း ဂုဏ်။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသူတို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်ခြင်း ဂုဏ်။
၇။ သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်
နတ်လူသတ္တဝါအားလုံးတို့၏ ဆရာဖြစ်ခြင်းဂုဏ်။
၈။ ဗုဒ္ဓေါ ဂုဏ်တော်
သစ္စါလေးပါးကို ကိုယ်တိုင် သိမြင်၍ သူတစ်ပါးတို့အားလည်း ဟောကြားညွှန်ပြနိုင်သော ဂုဏ်။
၉။ ဘဂဝါ ဂုဏ်တော်
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း ဂုဏ်။ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂို ဖြစ်ခြင်းဂုဏ်။

တရား ဂုဏ်တော် ၆-ပါး
-သွာက္ခာတော ဘဂဝတာ ဓမ္မော
-သန္ဒိဌိကော
-အကာလိကော
-ဧဟိပသိကော
-ဩပနေယျိကော
-ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

တရားဂုဏ်တော် အဓိပ္ပာယ်
၁။ သွာက္ခာတ ဂုဏ်တော်
မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။

၂။ သန္ဒိဌိက ဂုဏ်တော်
ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။

၃။ အကာလိက ဂုဏ်တော်
အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။

၎။ ဧဟိပသိကော ဂုဏ်တော်
'လာပါ၊ ကျင့်စမ်းပါ' ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။

၅။ ဩပနေယျိက ဂုဏ်တော်
မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။

၆။ပစ္စတ္တံ ဝေဒိတဗ္ဗ ဝညူဟိ ဂုဏ်တော်

အရိယာတို့သည် နဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။
ဓမ္မ (The Teachings Of Buddha) သည် ဗုဒ္ဓမြတ်စွာဘုရား နှင့်ရဟန်း သံဃာ-ဘုန်းတော်ကြီး များ မိန့်ကြားချမှတ်ခဲ့သော သီလ၊သမာဓိ၊ပညာ ၊ သစ္စာလေးပါး၊ မဂ္ဂင် ၈ ပါး ၊ အောင်ခြင်း ၈ ပါး၊ ကမ္မဋ္ဌဌာန်း၊အာနာပါန၊ ဝိပဿနာ ၊ ပိဋကတ် သုံးပုံ ၊ သည်းခံခြင်း(Tolerance) ၊ သတိပဌာန်လေးပါး နှင့် ဓမ္မစကြာ ၊ ငါးပါးသီလ ... စသည့်တ‌ရားတော်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မေတ္တာ ဝါဒ+မှန်ကန်သောယုံကြည်မှု+မှန်ကန်သောအသိတရား+မှန်ကန်သောတွေးခေါ်မြော်မြင်+အမှန်တရား(real truth) +မှန်ကန်သောကျင့်စဉ်တို့သည် မှန်ကန်သောငြိမ်းချမ်းရေးဝါဒ အဖြစ်အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။
လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ (Dharma/Dhamma) အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊ လောဘ၊ဒေါသ၊မောဟ၊မာန၊ဒိဋ္ဌဌိ ( မိစ္ဆာ ဒိဋ္ဌဌိ ) ၊ဝိစိကိစ္ဆာ၊ထိနမိဒ္ဓ၊ဥဒ္ဓစ္စ ၊အဟိရိက၊အနောတ္တပ္ပ ကိလေသာ (၁၀)ပါး တို့ကိုရှောင်ကြဉ်ရပါမည်။ လောဘ-ဒေါသ-မောဟ၊ အဝိဇ္ဇာ၊ အညံ့စားဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာများ၊ အဂတိ လေးပါး၊ ဥပါဒါန်လေးပါး၊ ဒုစရိုက် ၁၀ ပါး၊ နိဝရဏတရားငါးပါး ၊ ဒိဌိဖြစ်ကြောင်းရှစ်ပါး ...တို့ကိုရှောင်ကြဉ်ကြရပါမည်။

သံဃဂုဏ်တော်(၉)ပါး
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ     ။    (ပါဠိ)

၁။ သုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ကောင်းမြတ်သော အကျင့်ဂုဏ်တော်၊
၂။ ဥဇုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ဖြောင့်မတ်သော အကျင့်ဂုဏ်၊
၃။ ဉာယပ္ပဋိပန္နေ ဂုဏ်တော် = လွန်သင့်မြတ်သော အကျင့်ဂုဏ်၊
၎။ သာမီစိပ္ပဋိပန္နေ ဂုဏ်တော် = ရိုသေအပ်သော အကျင့်ဂုဏ်၊
၅။ အာဟုနေယျေ ဂုဏ်တော် = ဧည့်သည်ရည်မှု၊ အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်၊
၆။ ပါဟုနေယျေ ဂုဏ်တော် = လက်ဆောင်ယူငြား အလှူဝတ္ထုများကို ခံယူထိုက်သောဂုဏ်၊
၇။ ဒက္ခိဏေယျေ ဂုဏ်တော် = မြတ်သောအလှူ ခံယူထိုက်သောဂုဏ်၊
၈။ အဉ္ဇလိကရဏီယျေ ဂုဏ်တော် = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်၊
၉။ အနုတ္တရံ ပုညက္ခေတ္တ ဂုဏ်တော် = လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။

(၁) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုကောင်းစွာကျင့်ခြင်း၊
(၂)အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုဖြောင့်မတ်စွာကျင့်ခြင်း၊
(၃)အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုသင့်လျော်စွာကျင့်ခြင်း၊
(၄)အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုရိုသေစွာကျင့်ခြင်း၊
(၅)ဧည့်သည်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၆)လက်ဆောင်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၇)တမလွန်ကျိုးအတွက်ပြုအပ်သောမြတ်သော အလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၈)လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့လက်အုပ်ချီမိုး ရှိခိုးခြင်းကိုခံယူထိုက်ခြင်း၊
(၉)အတုမရှိမြတ်သောကောင်းမှု၏စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်း
ဟူ၍သံဃဂုဏ်တော်ကိုးပါးရှိလေသည်။





ပုဗ္ဗ(မလှူခင်) မုဉ္စ (လှူဆဲ) အပရ (လှူပြီး) ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် စေတနာ နှင့် လှူဖွယ် အရပ်ရပ်တို့ကို အလွန်စင်ကြယ်စွာ လှူဒါန်းပါ။ စေတနာ လုံးဝမပါခဲ့သော် ကြောက်၍သော်လည်းကောင်း ချစ်၍သော်လည်းကောင်း လာဘ်လာဘကို မျှော်ကိုး၍သော်လည်းကောင်း ပေးခြင်းဖြစ်၍ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ပေ။
ပုဗ္ဗစေတနာ
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။
ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌
ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍
အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊
မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ
မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ
မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် ပုဗ္ဗစေတနာ တွေ
အလွန်စင်ကြယ်စွာ ဖြစ်နေပြီဟုမှတ်ပါ ။
မုဉ္စစေတနာ
မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်
(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်
လျှောက်ထား၍ လှူရာ၌ လှူပါ၏ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း
ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု
လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ
ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီဟု မှတ်ပါ ။

အပရစေတနာ
အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို
သတိရတိုင်း အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်ဟု ၀မ်းမြောက် ၀မ်းသာ
ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊
ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ ငါလှူမိတာ မှားလေစွဟု အပရစေတနာ
ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။
သတိထားဖွယ်
ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး
အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။
ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ
စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်
စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍
ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ
ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍
အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတွယ်တာဘဲ
လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊
နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူဟုဆိုလိုသည် ။


ပုဗ္ဗ(မလှူခင်) မုဉ္စ (လှူဆဲ) အပရ (လှူပြီး) စေတနာ ချို့တဲ့လျှင်ကား
ထိုဒါနကြောင့် ဖြစ်ပေါ်လာသော အကျိုးတရား တို့ကို မခံစားလိုဘဲ
ပေးလှူရကျိုး မနပ်ပါပေ။ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ပေ။
 
ထို့ကြောင့် ဒါနအစစ် မဖြစ်ပေ။ တစ်ပါး နှစ်ပါးသာ ချွတ်ယွင်းသော် ထိုစေတနာ ချွတ်ယွင်းသလောက် အကျိုးပေးနည်းတတ်၏။
ပေးလှူနေကြသော ဗုဒ္ဓဘာသာဝင်များ လှူတတ်ကြပါစေ။



ဝိပဿ     နာ (Vipassana Meditation)
ဝိပဿ     နာ ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။

ဝိပဿ     နာဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ အသင်သည် ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။
စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။

အနိစ္စ ဝိပဿ     နာ - ဒုက္ခ ဝိပဿ     နာ  - အနတ္တ ဝိပဿ     နာဟူ၍ ဝိပဿ     နာတရား အဓိကကျင့်စဉ် (၃) မျိုး ရှိကြောင်း၊ ဝိပဿ     နာကို အားထုတ်မည်ဆိုပါက ရှေးဦးပထမ သမထကို ပိုင်ပိုင်နိုင်နိုင် အားထုတ်ရ မည်ဖြစ်ကြောင်း၊ ဝိပဿ     နာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ က မိန့်ကြားတော်မူခဲ့ပါသည်။

မဟာစည်ဆရာတော် ဘုရားကြီး၏ မဟာစည် ဝိပဿ     နာ၊ ဝေဘူ ဝိပဿ     နာ၊ လယ်တီမူ 
ဝိပဿ     နာ၊ စွန်းလွန်း ဝိပဿ     နာ၊ သဲအင်းဂူ ဝိပဿ     နာ၊ ချမ်းမြေ့ ဝိပဿ     နာ အစရှိသော 
ဝိပဿ     နာ ရိပ်သာ တရားစခန်းများတွင်လည်း သမထနှင့် ဝိပဿ     နာ ကျင့်စဉ်တို့ကို ပူးတွဲအားထုတ်ရလေသည်။

ဝိပဿ     နာတရားကျင့်စဉ် ဉာဏ်စဉ် ၁၆ ပါး ရှိသည်။ ကြိုးစားပြီး ဆက်လက်ကျင့်
ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင် အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုန့်ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။
ဝိပဿနာကျင့်စဉ်သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဋ္ဌဌာရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်းသာဖြစ်သည်။

မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဝိပဿ     နာ ဉာဏ်သွင်းပုံ

"အနတ္တ ကို ငါ လို့ဆိုနေကြ" ရုပ်တရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရ က လုပ်ထားတာ၊ ဒီခန္ဓာက ဘယ်အချိန်မဆို..ပူလိုက်၊ အေးလိုက်၊ဖောက်ပြန်လိုက်၊ ပျက်စီးလိုက်..ဒီလိုဖြစ်နေတာဟာ ရုပ်၏ ပင်ကိုသဘော၊ နာမ်ခန္ဓာလေးပါး ကလည်း၊
အာရုံနဲ့ ဒွါရနဲ့ ဒွါရကသာ ပိုပါတယ်၊ ခင်ဗျားတို့ လုပ်ထားတာ မဟုတ်ဘူး၊ ခင်ဗျာတို့ကြားထဲက မပိုင်နဲ့။

နာမ်က အာရုံကို ညွတ်တတ်တဲ့သဘော၊ ဆိုင်းဘုတ်ကသာ ယောက်ျား မိန်းမ ရှိတာက..ရှပ်နာမ် ဖြစ်ပျက် ခင်ဗျားတို့က ခန္ဓာငါးပါးကို..ငါ့ကိုယ်ငါ့ဟာ လုပ်နေတာနဲ့ သူတို့က ဖောက်ပြန်သွားလိုက်တိုင်း ငါပိုင်တယ် ထင်လို့..ကိုယ်ကျိုးကြီးတော့ နည်းပါပေါ့ဆိုပြီး..ကိုယ်နာစိတ်နာ ပေါ်တာ၊ ခန္ဓာငါးပါးသည် ချုံ့လိုက်တော့
ရုပ်နဲ့ နာမ်..ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပျက်ပဲရှိတယ်၊ ဖြစ်ပျက်ထဲ ငါ ဝင်မရှုပ်ပါနဲ့ ဘယ်သူမှ မပိုင်ဘူး၊ သူဖြစ်ချင်သလို ဖြစ်ပြီး သူဖောက်ချင်သလို ဖောက်မယ်၊ ဘယ်သူတားဆီးလို့မှ မရဘူးဆိုပြီး နေတဲ့ အနတ္တခန္ဓာကိုယ်ရယ်ပါ။
သူပေါ်တဲ့နေရာ သူသေတဲ့နေရာ၊ ပေါ်တာကို မိအောင် ပိုင်အောင်ရှု၊ မရှုမိတာနဲ့ တဏှာလာတာပဲ၊ တဏှာ မကူးခင် ဉာဏ်ဦးအောင် သတ်ကြပါ၊ ဖြစ်ပျက်ဆုံးအောင် အရှုခိုင်းတာဟာတဏှာအသတ်ခိုင်းနေတာ၊
ခင်ဗျားတို့ တဏှာသတ်ချင်ရင် ဝေဒနာရှုကြ၊ တဏှာသတ်ခိုင်းခြင်းသည် ခင်ဗျားတို့အား ကျွန်စာရင်းမှ လွတ်ကင်းစေချင်လို့ မှတ်ပါ။ မြင်စိတ်ကလေးက မြင်ပြီးချက်ချင်း ပျက်သွားတာပဲ၊ သူ့နေရာမှာ ချက်ချင်း နောက်စိတ်အစားထိုးလို့သာ ပျက်သွားတာကို မသိလိုက်တာ၊မြင်စိတ်ကအကောင်းအဆိုးမရွေးနိုင်ဘူး
ဝမ်းထဲပေါ်တဲ့ တဏှာကမှ အကောင်းအဆိုး ရွေးတာ၊ မြင်လို့ဘာမှ မဖြစ်ဘူးဆိုရင်တောင်..အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ မသိလိုက်တဲ့အတွက် မောဟလှိုင်းထတာ၊မြင်စိတ်ဖြစ်ပျက်ရှုရင်..မြင်လိုချင်
မြင်မုန်းစတာတွေ သေတယ်။ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်လို့ ခင်ဗျားတို့မှာ ဘာမှစိတ်နာစရာ မရှိဘူး၊ ကိုယ်နာတိုင်း စိတ်မနာတဲ့ ဉာဏ်မျက်လုံး မရရင်..တစ်သံသရာလုံး ကိုယ်ကျိုးနည်းလာတော့မယ်။
ဒီခန္ဓာကြီးကတော့ အားမထုတ်လည်း သေရွာသွားမှာပဲ၊ အားထုတ်လည်း သေရွာသွားမှာပဲ၊ ပုထုဇဉ် အဖြစ်နဲ့သေရင်..လူတစ်သိန်းသေလို့ သူဂတိ တစ်ယောက်မရောက်ဘူး၊ အကုန် အပါယ်ချည်းသွားကြတာပဲ။ ယနေ့ စင်္ကြာဝတေးမင်း မနက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်သေးတယ်၊ အပါယ် မိုးကြိုးပစ်တာကို..
လှူဒါန်းတာလောက်နဲ့ ထန်းလက်နဲ့ကာလို့ မရဘူး။ ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်၊ အသေဘက်ကို ပြေးနေတဲ့ ခန္ဓာကိုယ်က..နောက်ဆွဲထုတ်လို့ မရဘူး၊ ဒီတော့ ပြေးရင်း လွှားရင်းပဲ သစ္စာသိတဲ့အလုပ်မြန်မြန်လုပ်၊ သုဿ     န် သွားရင်း လုပ်ရမှာ၊ အပါယ်သွားတတ်တဲ့သံယောဇဉ်လောက်တော့..ခင်ဗျားတို့
ဖြတ်ထားဖို့သင့်ပြီး၊ သံယောဇဉ်ဖြတ်ဆိုတာနဲ့..ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့၊ ဘာဝတ်ဝတ် ဘာစားစား..ဝေဒနာနဲ့ တဏှာအကြား "မဂ်"ဝင်ဖို့ပဲအရေးကြီးတယ်။
တရား လုပ်ချိန်မရသေးရင်လည်း၊ သတိထား ပညာနဲ့ ဖြစ်ပျက်ရှုဆိုတာလေး..ဂရုစိုက်ပါ၊ ဝိပဿနာ မလုပ်ဖြစ်သေးတာဖြင့်..သေရတာ အားမရသေးလို့လားလို့မေးဖို့ရှိတယ်၊ ခင်ဗျားတို့ကို..အင်မတန် ကိုယ်ကျိုးကြီးနည်းမှာ စိုးလို့သာ အလုပ်ခိုင်းနေတာ မှတ်ပါ။ ခင်ဗျားတို့ မသိလို့သာ အေးအေးနေနေကြတာ..တော်ကြာ ခင်ဗျားတို့တွေ့ရမယ် ဒုက္ခက မသေးဘူးနော်၊ဆုတောင်းပြည့်ဘုရားမကယ်နိုင်ဘူး၊
ငါသေရင် ဘာများဖြစ်ဦးမှာလဲလို့ ဘယ်တော့မှ သွားမတွေနဲ့..ကိုယ့်ခန္ဓာထဲပေါ်သရွေ့ကို ဒုက္ခသစ္စာတွေပဲလို့သိပြီးများသေရင်၊သေတာနဲ့တစ်ပြိုင်နက်တည်းဆိုသလို..နတ်ပြည့်ရောက်ပြီး သောတာပန်တည်တယ်လို့ ဆိုတာ..တစ်ခါတည်း ဆုံးဖြတ်ချက်ချထားလိုက်၊ နတ်ရွာသုဂတိနဲ့ နိဗ္ဗာန်မှလွဲလို့ ဘယ်မှ..မရောက်နိုင်လို့..ငါသေရင် ဆွမ်းမသွမ်နဲ့လို့ မှာခဲ့။
ဝိပဿ     နာရှုတဲ့အခါ၊ အတိတ်ရုပ်နာမ်တွေက..ဖြစ်ပြီး ပျောက်ပျက်ကုန်ပြီမို့ ရှုစရာမလို့ဘူး၊ အနာဂတ် ရုပ်နာမ်တွေက မဖြစ်ကြသေးလို့ ရှုစရာမဟုတ်ဘူး၊ အခု ခန္ဓာကိုယ်ပေါ်မှာ ပေါ်ဆဲဖြစ်ဆဲဖြစ်တဲ့၊ ရုပ်နာမ် ပေါ်မှာသာ ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမှာ၊ အခုသေတာအခုကြည်ညခိုင်းတာ။ ကြားစိတ်ကလေးပေါ်လာတယ်ဆိုရင်..ဝေဒနာ..သညာ..
သင်္ခါရနှင့်တကွ..ခန္ဓာငါးပါးစလုံး တစ်ပြိုင်နက်တည်းပါလာကြတယ်၊ ဒီအထဲမှာ ထက်မြက်တာ တစ်ခုကိုရှုရမှာ၊ အများမလိုဘူး တစ်ခုတည်း ပြဋ္ဌာန်းရာကို ရှုဖို့ပဲ။
သိရုံတင်ဆို ဝိဉာဏ်ရှု၊ ကောင်းမကောင်းဆို ဝေဒနာရှု၊ ခန္ဓာငါးပါးစလုံး..တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်းလွဲနေကြတာပဲ၊ ယခု ပစ္စုပ္ပန်ပေါ်လာတဲ့ မိမိခန္ဓာငါးပါး..အစပျောက် မသာဖြစ်သွားတာကို မိမိဉာဏ်နဲ့မြင်ရမှာ၊ ဉာဏ်က ခန္ဓာကို သူစိမ်းသဘောထားပြီး ကြည့်ပါ၊ ခန္ဓာငါးပါးက သူစိမ်း၊ သူစိမ်းလို့ ပီပီမြင်တာ..အရိယာမျက်လုံးပဲ။
ခန္ဓာကိုယ်ထဲမှာ..ရုပ်နာမ်ဓမ္မတွေ ခဏခဏသေပွဲဝင် ပြောင်းလဲနေတာတွေကို၊ ဉာဏ်နဲ့မြင်အောင်ကြည့်ရတာပဲ၊ ရှုကြည့်တဲ့အခါ ပေါ်လာပြီး မရှိတာကို သိစေရမယ်၊ ခန္ဓာမရှိတာ သိတာဟာ ဝိပဿနာ ပဲ။ ဘယ်ခန္ဓာလာလာ မရှိတာ သိရမယ်၊ ခန္ဓာမရှိ မြင်တာသည်ခဏနိဗ္ဗာန်၊ခန္ဓာအမြဲမရှိတာသည် အမြဲနိဗ္ဗာန်၊ ဒီလို မရှိတာမြင်တဲ့အသိမျိုး တာရှည်နေပြီဆိုရင်..နိဗ္ဗာန်နားကပ်နေပြီ၊ ရှေ့အသေကို အစားထိုးတဲ့နောက်အနေကနေ ကြည့်နေတာ ခန္ဓာထဲဘယ်အချိန် ကြည်လိုက် ကြည်လိုက် သေမှာနဲ့သေတာတွေ့ပါစေ၊ ရုပ်နာမ်ခွဲနေစရာ မလိုပါဘူး၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့်..ရုပ် နာမ်ပေါ်တာပဲ၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မြင်ရင်..ဒုက္ခမြင်ပြီ။ ရေယူခဲ့ပါဆိုရင် ခွက်ပါပါသလို..စိတ်တစ်ခုကို ရှုရင် ခန္ဓာငါးပါး ပါတယ်၊ ကိုယ့်ခန္ဓာထဲ ထင်ထင်ရှားရှား ပေါ်လာတာဟူသရွေ့ဖြစ်ပျက်မြန်မြန်ရှုချ၊ သွက်ပလေ့စေ မသွက်ရင်..တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏနိယျာမတရားကြီးက..သွက်သွားလိမ့်မယ်။ ဖြစ်ပျက်မုန်းရင်..ဒုက္ခမုန်းပြီ။ ဖြစ်ပျက်ဆုံးရင်..ဒုက္ခဆုံးပြီသာမှတ်ပေတော့။ဒုက္ခဆုံးရင်--ဒါနိဗ္ဗာန်ပဲ။   

ညောင်လေးပင် တောရဆရာတော် ဝိပဿ     နာ ဉာဏ်စဉ် ၁၆-ပါး          

၁။ နာမရူပပရိစ္ဆေဒ စသော ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံကား -
အဆင်းမြင်သောအခါ အဆင်းနှင့်မျက်စိသည် ဥပါဒါရုပ် မည်၏။
မဟာဘုတ်ကို မှီ၏။
ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်တတ်သော ရုပ်အစု မည်၏။
ထို အဆင်းကို သိခြင်း၊ ခံစားခြင်း၊ မှတ်ခြင်း၊ ကြံစည်ခြင်း စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစု မည်၏။
အဆင်းမြင်ရာ၌ ရုပ်အစု နာမ်အစုမှတပါး ဘာမျှ မရှိ။ ငါ, သူတပါး, ယောက်ျား, မိန်းမ စသည် မရှိ။
မြင်သူမျှပင် မရှိ။
အသံကြားရာ၌လည်း ရုပ်အစု နာမ်အစု၊
အနံ့ယူရာ, အရသာစားရာ, အတွေ့ထိရာ, အသိ-သိရာ၌၊ (ဝါ) စိတ်ကူးကူးရာ၌လည်း ရုပ်အစု နာမ်အစု၊
လောဘဖြစ်ရာ, ဒေါသဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
သဒ္ဓါဖြစ်ရာ, ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
ဝမ်းနည်းစရာ, ဝမ်းသာစရာ၌လည်း ရုပ်အစု နာမ်အစု၊
ချစ်စရာ, မုန်းစရာ၌လည်း ရုပ်အစု နာမ်အစု။
လှည်းအိမ်, ဝင်ရိုး, လှည်းဘီး စသော အပေါင်းကို လှည်းဟု အခေါ်သာရှိသည်။ လှည်းမရှိ။
ရုပ်နာမ်အပေါင်းကို ယောက်ျားကိုယ်ကောင်, မိန်းမကိုယ်ကောင်ဟု အခေါ်သာရှိသည်။ ယောက်ျား မိန်းမ မရှိ။
ကန်းသူက သွားချင်၊ မြင်သူက အကျိုး
ကျောတွင်ပိုး၍၊ အကျိုးညွှန်လမ်း
သွားပုံဆန်းသို့၊ ရုပ်ကန်းနာမ်ကျိုး
ကျောကပ်ပိုး၏။
ကျောပိုးနာမ်ရုပ် ငါမဟုတ်။
ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် ထက်ခြမ်းကွဲနာမ်ရုပ် မဟုတ်သူငါ မြင်သောအခါ သက္ကာယဒိဋ္ဌိကွာ၏။ အတ္တဒိဋ္ဌိအစွဲပြုတ်၏။ ကလျာဏပုထုဇဉ်ဖြစ်၏။
ဤတွင် ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။ (ဝါ) နာမရူပပရိစ္ဆေဒဉာဏ် ပြီး၏။

၂။ ပစ္စယပရိဂ္ဂဟဉာဏ ဖြစ်ပုံကား -
အနာတွေ့လျှင် အကြောင်းရှာရသည်။
သူငယ်တွေ့လျှင် မိခင်ရှာရသည်။
ရုပ်နာမ်တွေ့လျှင် အနာသဖွယ် သူငယ်အလား နှလုံးထား၍ ဖြစ်ကြောင်းရှာရသည်။
ရုပ်အကြောင်းကား - အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’, ‘ကံ’, ‘အာဟာရ’ - ငါးပါးဖြစ်သည်။
အဝိဇ္ဇာ’, ‘တဏှာ’, ‘ဥပါဒါန်’ - အမိကြောင့် ရုပ်ဖြစ်သည်။
ကံ’ - အဘကြောင့် ရုပ်ဖြစ်သည်။
အာဟာရ’ - နို့ထိန်းထောက်ပံ့ခြင်းကြောင့် ရုပ်ဖြစ်သည်။
နာမ်အကြောင်းကား များပြား၏။
ပသာဒ, နှလုံးသွင်း ကိုယ်တွင်းအကြောင်းကြောင့် နာမ်ဖြစ်သည်။
အာရုံ, အလင်းရောင် စသော ကိုယ်ပအကြောင်းကြောင့် နာမ်ဖြစ်သည်။
ဤရုပ်,နာမ်သည် အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
ကာလသုံးပါးလုံး အကြောင်းအားလျော်စွာ အကျိုးတရား ရုပ်နာမ်သာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
သူ့ကြောင့်, ငါ့ကြောင့်, ငါဖြစ်ပြီး, သူဖြစ်ပြီး မရှိ၊ ငါဖြစ်ဆဲ, သူဖြစ်ဆဲ မရှိ၊ ငါဖြစ်လတ္တံ့, သူဖြစ်လတ္တံ့ မရှိ။
အကြောင်းမကင်းသော ရုပ်နာမ်အစုသာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့။
သူ့အကြောင်းနှင့်သူ ဖြစ်သောကြောင့် ငါ့အလိုလိုက်အောင် ပြု၍မရ။
ဘဝအဆက်ဆက် ကြောင်းကျိုးဆက်၍ ရုပ်နာမ်အဆက်ဆက်သည် ဖြစ်ရာ၌ပင် နေရာမရွေ့ ချုပ်၏။
တဘဝမှ တဘဝသို့ ရုပ်နာမ်မရွေ့။
ကြောင်းကျိုးဆက်၍ မှန်ထဲ၌ မျက်နှာရိပ်ထင်သည်။ မျက်နှာမရွေ့။
စိတ်အစဉ်ဖြစ်ရာ၌ ကြောင်းကျိုးဆက်၍ ရှေ့စိတ်ချုပ်လျှင် နောက်စိတ်ဖြစ်သည်။ ရှေ့ဘဝစုတိစိတ်ချုပ်လျှင် နောက်ဘဝ ပဋိသန္ဓေစိတ်ဖြစ်သည်။ ရှေ့စိတ်မရွေ့။
ဤသို့ ကာလသုံးပါးလုံး ကြောင်းကျိုးသိလျှင် ယုံမှားခြင်း ကင်း၏။
ဤသို့ ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်ရ၏။ မဂ်ဖိုလ်မရလျှင် သုဂတိမြဲ၏။ စူဠသောတာပန် ဖြစ်၏။
ဤတွင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြီး၏။ (ဝါ) ပစ္စယပရိဂ္ဂဟဉာဏ် ပြီး၏။

၃။ သမ္မသနဉာဏ် ဖြစ်ပုံကား -
တေဘူမက ရုပ်နာမ်ဟူသမျှသည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ၊
ဇရာ မရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ၊
တခဏမျှသာ တည်တတ်သောကြောင့် အနိစ္စ၊
မြဲသည်ကို ပယ်တတ်သောကြောင့် အနိစ္စ။ (လေးနက်)
တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်၏။ ဌီ၌ အိုမင်း ရင့်ရော်၏။ ပင်ပန်း၏။ မချွတ် ပျက်စီး၏။
ထိုသို့ မပြတ် နှိပ်စက်တိုင်း ခံရသောကြောင့် ဒုက္ခ၊
သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ၊
ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ၊
သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (လေးနက်)
တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်ဟု တောင့်တ၍ မရ။ ဌီသို့ရောက်လျှင် မရင့်ရော်ပါစေလင့်ဟု တောင့်တ၍ မရ၊ ရင့်ရော်လျှင် မပျက်ပါစေလင့်ဟု တောင့်တ၍ မရ။ ပြုသူ, ခံစားသူ မရှိ။
အလိုလိုက်ခြင်းမှလည်း ဆိတ်၏။
ထိုသို့ ပြုသူ, ခံစားသူမှ ဆိတ်သောကြောင့် အနတ္တ၊
စိုးပိုင်သော သခင်မရှိသောကြောင့် အနတ္တ
အလိုလိုက်အောင် ပြု၍ မရသောကြောင့် အနတ္တ၊
တိတ္ထိတို့ ကြံဆသော အတ္တအဖြစ်ကို ပယ်တတ်သောကြောင့် အနတ္တ။ (လေးနက်)
ထိုအနက်တို့ကို မှတ်သားရမည်။
တဘဝအတွင်း ရုပ်နာမ်သည် မသေမီ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ။
ပဌမအရွယ် ရုပ်နာမ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီ ချုပ်၏။
မဇ္ဈိမအရွယ် ရုပ်နာမ်သည် ပစ္ဆိမအရွယ်သို့ မရောက်မီ ချုပ်၏။
ပစ္ဆိမအရွယ် ရုပ်နာမ်သည် မသေမီ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ။

၎။ ဥဒယဗ္ဗယဉာဏ် ဖြစ်ပုံကား -
အကြောင်းမကင်းသော ရုပ်နာမ်တို့၏ ဖြစ်စ-ဥပါဒ်သည် ဥဒယ မည်၏။
ရုပ်နာမ်တို့၏ ပျက်တတ်သော ဘင်သည် ဝယ မည်၏။
ဖြစ်၍ ပျက်၏။
တဘို့မှ တဘို့ မရောက်။ အဆက်အစပ် အပိုင်းအပြတ် ဖြစ်၏။
တဖျစ်ဖျစ်မည်ဆူ အိုးကင်းပူထက် နှမ်းစေ့ကျက်သကဲ့သို့ တဖြစ်တည်း ဖြစ်၍ တပျက်တည်း ပျက်သော ရုပ်နာမ်ပါတကား။

၅။ ဘင်္ဂဉာဏ ဖြစ်ပုံကား -
ရုပ်နာမ် သင်္ခါရတရားအစုသည် ဖြစ်လေသမျှ ချုပ်ပျက်လေစွတကား။
လျှပ်စစ်ပုံဟန် အပျက်မြန်လေစွတကား။
အိုးခွက်ကွဲအတူ အိုးကင်းပူနှမ်းကျက် တပျက်တည်း ပျက်လေစွတကား။
ပရမ်းပတာကြဲသော မြူနုသဘော အတောမသတ် ပျက်လေစွ။
မိုဃ်းရွာစဉ် ရေပြင်၌ ရေပွက်အပေါင်း ဥဗောင်းပုံဟန် အပျက်မြန်လေစွ။
ဦးခေါင်းမီးလောင်လျှင် မီးသတ်ရန် လက်မနှေးစေရ။
မသေလိုလျှင် ဘင်္ဂဉာဏ် လက်မနှေးစေရ။

၆။ ဘယဉာဏ ဖြစ်ပုံကား -
ရုပ်နာမ် သင်္ခါရတို့၏ ပျက်ခြင်းသည် ကြောက်ဖွယ်ကောင်းလေစွ။
ခြင်္သေ့အလား မြွေကျားဆင်ဆိုး မိုဃ်းကြိုးစက်ကွင်း ရှားမီးတွင်းပမာ စစ်တလင်းကုန်း သင်းချိုင်းကုန်းအသွင် နေချင်စရာမရှိ ဘေးအတိစုပေါင်းလေစွတကား။

၇။ အာဒီနဝဉာဏ် ဖြစ်ပုံကား -
ဘုံသုံးပါးသည် မီးကျီးတွင်း သုံးခုနှင့် တူလေစွ။
ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူလေစွ။
ခန္ဓာငါးပါးသည် သံလျက်မိုးသော သူသတ်ယောက်ျား ငါးဦးနှင့် တူလေစွ။

၈။ နိဗ္ဗိဒါဉာဏ် ဖြစ်ပုံကား -
ရွှေဟင်္သာသည် ဒွန်းစဏ္ဍားအိုင်၌ မမွေ့။ ဟိမဝန္တာအိုင်ကြီး ခုနစ်အိုင်၌ မွေ့သည်။
ခြင်္သေ့မင်းသည် ရွှေချိုင့်၌ မမွေ့။ ဟိမဝန္တာတောသုံးထောင်၌ မွေ့သည်။
ဘုံသုံးပါးသည် ဒွန်းစဏ္ဍားအိုင်ကြီး, ရွှေချိုင့်နှင့် တူလှ၏။ မွေ့စရာမဟုတ်။ အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အိုင်ကြီးသာ။
အနုပဿနာ တောသုံးထောင်သာ မွေ့လျော်ဖွယ် ကောင်းလေစွ။

၉။ မုစ္စိတုကမျတာဉာဏ် ဖြစ်ပုံကား -
ဘုံသုံးပါး၌ အိုဘေး, နာဘေး, သေဘေးအကြား ကျင်လည်ရခြင်းသည် ပိုက်ကွန်မိသော ငါး၊ ဂဠုန်လက်တွင်း နဂါး၊ မြွေခံတွင်း ဖားနှင့် တူလှ၏။ ယခုလွတ်မူ ကောင်းလေစွ။

၁၀။ ပဋိသင်္ခါဉာဏ် ဖြစ်ပုံကား -
ရုပ်နာမ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟု မဂ်ဖိုလ်မရမချင်း ပြန်၍ သိမ်းဆည်းစရာတို့ပါတကား။

၁၁။ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပုံကား -
ဤကိုယ် ရုပ်နာမ် သင်္ခါရသည် ငါ့ကိုယ်အတ္တမှလည်း ဆိတ်၏။ ကိုယ်၏ ဥစ္စာအတ္တနိယမှလည်း ဆိတ်၏။
ငါပူစရာ သူမရှိ၊ သူပူစရာ ငါမရှိ။ အဘယ်နေရာ အဘယ်အခါ အဘယ်မှာမျှ မရှိ။ သုညအတိ ဖြစ်၏။

၁၂။ အနုလောမဉာဏ်
၁၃။ ဂေါတြဘူဉာဏ်
၁၄။ မဂ်ဉာဏ်
၁၅။ ဖိုလ်ဉာဏ်
၁၆။ ပစ္စဝေက္ခဏာဉာဏတို့ကား အထူး အားထုတ်ဖွယ်, ဆင်ခြင်ဖွယ် မရှိ။ ဝင်လေ ထွက်လေ ရှုသူတို့သည် ဤဉာဏ် ၁၆-ပါးနှင့် ပြည့်စုံကြပါစေကုန်သတည်း။






ထွဋ်ခေါင်ဆရာတော်၏ ကမ္မဋ္ဌာန်းသံပေါက်လင်္ကာများ

၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
၂။ အတည်ကျကျ၊ ဘယ်ဘဝ၊ ရကြမရှိပြီ။
၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
၎။ သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
၅။ လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိလှလေပြီ။
၆။ ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ။
၇။ ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။
၈။ မခွဲနိုင်ကြ၊ လူ့ဗာလ၊ မိုက်စသိမ်းသင့်ပြီ။
၉။ ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလှပြီ။
၁ဝ။ များအသင်္ချေ၊ ရှင်စောတွေ၊ ရှောင်သွေလွဲခဲ့ပြီ။
၁၁။ တစ်ဆူမသင့်၊ တစ်ဆူသင့်၊ ဖူးခွင့်တွေ့ထိုက်ပြီ။
၁၂။ မတော်မတရား၊ ကျင့်ဖောက်ပြား၊ မိုက်အားကြီးလှပြီ။
၁၃။ အလိုမလိုက်၊ သည်အမိုက်၊ ပယ်ထိုက်သင့်လှပြီ။
၁၄။ မပယ်မချိုး၊ ဆင်ကန်းတိုး၊ ဟုတ်နိုးထင်လှပြီ။
၁၅။ ဟုတ်နိုးသမှု၊ ထင်တိုင်းပြု၊ ယခုတိုင်ခဲ့ပြီ။
၁၆။ တရားလက်လွတ်၊ ငှက်တောင်ကျွတ်၊ ဝဋ်နှင့်မကင်းပြီ။
၁၇။ မနုဿတ္တ၊ ဒုလ္လဘ၊ မရများလေပြီ။
၁၈။ အရတော်စွ၊ သည်ဘဝ၊ လှလှကျင့်ထိုက်ပြီ။
၁၉။ ကြုံကြိုက်တော်စွာ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။
၂ဝ။ သတိရရ၊ မြတ်ပုည၊ ပြုရကောင်းသင့်ပြီ။
၂၁။ တစ်နေ့တစ်နေ့၊ နက်ဖြန်ရွေ့၊ မမေ့ကောင်းသင့်ပြီ။
၂၂။ ငါ့ကိုယ်ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
၂၃။ ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
၂၄။ ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာမှတ်သင့်ပြီ။
၂၅။ သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီ။
၂၆။ နင်ဖြင့်နင့်ကိုယ်၊ ဆုံးမ, ဆို၊ နင့်ကိုယ်အမှုသည်။
၂၇။ နင်မဆုံးမ၊ နင့်တာပ၊ ဘယ်ကခံလိမ့်မည်။
၂၈။ နှလုံးဖုံဖုံ၊ ထုံတုံတုံ၊ နင့်ပုံကြော့ကြမ်းသည်။
၂၉။ နင်နှင့်နင့်ကံ၊ စီရင်ဖန်၊ အမှန်ဖြစ်တော့သည်။
၃ဝ။ ယခုနင့်ကိုယ်၊ နင့်အလို၊ ဘယ်ကိုပြည့်စုံသည်။
၃၁။ နင့်ကိုယ်နင်နှစ်၊ နင့်အပြစ်၊ နင်ဖြစ်ခံရမည်။
၃၂။ နင့်ကိုယ်နင့်အား၊ နင်မသနား၊ နင်မှားရှာတော့မည်။
၃၃။ ဒါနသီလာ၊ ဘာဝနာ၊ နင်သာပြုသင့်သည်။
၃၄။ ဇာတိဇရာ၊ မရဏာ၊ မကြာနင်တွေ့မည်။
၃၅။ မျက်တောင်တစ်ယှက်၊ လျှပ်တစ်ပြက်၊ နင့်သက်သေလိမ့်မည်။
၃၆။ ဘယ်နှစ်ဘယ်လ၊ ရောက်ခါမှ၊ ကာလမရွေးပြီ။
၃၇။ ကြီးငယ်မဟူ၊ ကိုယ်ရွယ်တူ၊ ခုမူသေလှပြီ။
၃၈။ အမှန်သေရိုး၊ ထိုလူမျိုး၊ ကြောက်စိုးရွံ့သင့်ပြီ။
၃၉။ မသွင်းနှလုံး၊ အထင်ရှုံး၊ ပျက်ပြုံးလှလေပြီ။
၎ဝ။ ခန္ဓာကြွေလျော်၊ ရှိပြန်သော်၊ ပူဇော်ကောင်းလှပြီ။
၄၁။ သွားကျိုးဆံဖြူ၊ ရှိပါမူ၊ ဘယ်သူမကြောက်ပြီ။
၄၂။ ဤသည့်မယား၊ ဤသည့်သား၊ မီးပွားမှန်တော့သည်။
၄၃။ ခယဝယ၊ ဘိဇ္ဇန၊ ပျက်ကြလှလေပြီ။
၄၄။ အပ္ပိယေဟိ၊ ပိယေဟိ၊ ဒုက္ခိကြုံလေပြီ။
၄၅။ ဒုက္ခအထွေထွေ၊ တပေပေ၊ ခံနေရလေပြီ။
၄၆။ နိဗ္ဗာန်သာခေါင်၊ ဘေးမဲ့သောင်၊ ရောက်အောင်ပြုသင့်ပြီ။
၄၇။ မပြုပါဘဲ၊ နင်ရှောင်လွဲ၊ နင်ပဲမိုက်လှသည်။
၄၈။ ယုတ္တိယုတ္တာ၊ နင်ဆင်ကာ၊ ဟန်သာနင်များသည်။
၄၉။ ဘုးရားသွားသွား၊ ကျောင်းသွားသွား၊ စိတ်ထားနင်မကြည်။
၅ဝ။ ဒါနသီလာ၊ နင်ပြုခါ၊ စေတနာဇောမကြည်။
၅၁။ သို့ပင်ပြုလို၊ နင့်ကုသိုလ်၊ ဘယ်ကိုသွားလိမ့်မည်။
၅၂။ လောကုတ္တရာ၊ မြိုက်သြဇာ၊ နင်သာဝေးလှသည်။
၅၃။ ဇောစိတ်သန်သန်၊ ကုသိုလ်မှန်၊ နင်ကြံပြုရမည်။
၅၄။ သို့ပြုမှသာ၊ သည့်ခေမာ၊ နင်သာနီးရမည်။
၅၅။ ဤသို့စုံစေ့၊ ပြန်လှန်၍၊ စေ့စေ့နှလုံးတည်။
၅၆။ အနမတဂ္ဂ၊ သံသာရ၊ ကြာလှလေကုန်ပြီ။
၅၇။ ဂင်္ဂါဝါဠု၊ ပမာပြု၊ သဲစုမကပြီ။
၅၈။ တဏှာ၏နောက်၊ တကောက်ကောက်၊ လိုက်ထောက်မသင့်ပြီ။
၅၉။ တဏှာမြစ်မ၊ ပင်လယ်ဝ၊ နစ်ကြလေကုန်ပြီ။
၆ဝ။ တဏှာလည်းပွား၊ ဒုက္ခများ၊ သွား၍မဆုံးပြီ။
၆၁။ တဏှာပို့တင်၊ ပါယ်လေးခွင်၊ လျင်စွာရောက်လေပြီ။
၆၂။ သေမင်းနိုင်ငံ၊ အဖန်ဖန်၊ လိုက်ပြန်ရလေပြီ။
၆၃။ ဝေဘူတောင်မျှ၊ ပမာပြ၊ အရိုးမကပြီ။
၆၄။ နစ်တုံပေါ်တုံ၊ သုံးပါးဘုံ၊ ကြုံပြန်ရလေပြီ။
၆၅။ ချမ်းသာမငွေ့၊ ဆင်းရဲတွေ့၊ ငြီးငွေ့သင့်လှပြီ။
၆၆။ အဝိဇ္ဇန္ဓ၊ သည်မောဟ၊ ညှဉ်းဆဲလှပေပြီ။
၆၇။ နီဝရဏ၊ ဆီးတားကြ၊ လမ်းစမဆုံးပြီ။
၆၈။ ဂတိငါးပါး၊ ဆုံလည်နွား၊ သွား၍မဆုံးပြီ။
၆၉။ ဘဝတိုင်းသေ၊ သင်္ချိုင်းမြေ၊ ပွားစေလှလေပြီ။
၇ဝ။ လမ်းကောက်လည်းသွား၊ လူအများ၊ အမှားကြိုက်ခဲ့ပြီ။
၇၁။ လမ်းကြောင်းမမှန်၊ မြတ်နိဗ္ဗာန်၊ ဧကန်လွဲခဲ့ပြီ။
၇၂။ ဘဝမဆုံး၊ ဒုက္ခတုံး၊ လုံးလုံးခံရပြီ။
၇၃။ လောကမျက်ရှု၊ သဗ္ဗညု၊ ယခုရှိရဲ့မင်း။
၇၄။ ဘုရားဖြစ်ခါ၊ သာသနာ၊ ရောင်ဝါတဝင်းဝင်း။
၇၅။ မနုဿတ္တ၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
၇၆။ ဗြဟ္မာ့ပြည်က၊ အပ်ကိုချ၊ မြေကအပ်တစ်စင်း။
၇၇။ အပ်သွားခြင်းသာ၊ ထိဖွယ်ရာ၊ ပမာမှတ်ကြမင်း။
၇၈။ နိယျာနိက၊ မြတ်ဓမ္မ၊ ကြားရခဲ၏မင်း။
၇၉။ သဒ္ဓါဗလဝ၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
၈ဝ။ အရတော်ခိုက်၊ လူတစ်သိုက်၊ ခဲလိုက်ကြကုန်မင်း။
၈၁။ ကိုယ့်ဖို့မရ၊ သည်နောင်တ၊ ဖြစ်တတ်ကြ၏မင်း။
၈၂။ ဤသို့ဘဝ၊ ဖြစ်သမျှ၊ ရမည်ခဲ၏မင်း။
၈၃။ ထူးမြတ်စွာလှ၊ လူ့ဘဝ၊ နှမြောကြကုန်မင်း။
၈၄။ မြတ်သည်ကိုမှ၊ မသိကြ၊ ဗာလနှလုံးသွင်း။
၈၅။ ဗာလဖြစ်က၊ လူ့ပါပ၊ ကြာကြကုန်ပြီမင်း။
၈၆။ လူဖြစ်ကျိုးမှ၊ မခံရ၊ ရှုံးလှချေ၏မင်း။
၈၇။ ဘဝတိုင်းရှုံး၊ လူ့ကျောက်တုံး၊ စုန်းစုန်းမြုပ်၏မင်း။
၈၈။ စုန်းစုန်းမြုပ်ခါ၊ မပေါ်လှာ၊ ကြမ္မာမှောက်၏မင်း။
၈၉။ နိဗ္ဗာန်လမ်းစ၊ ဤသို့ပြ၊ မှတ်ကြနှလုံးသွင်း။
၉ဝ။ ကလျာဏမိတ္တ၊ ပဏ္ဍိတ၊ ပေါင်းဖေါ်ရ၏မင်း။
၉၁။ ထိုကလျာဏ၊ ဆိုဆုံးမ၊ လိုက်နာရ၏မင်း။
၉၂။ ယောနိသောမန၊ သိကာရ၊ နေ့ညနှလုံးသွင်း။
၉၃။ သီလဓုတင်၊ ဆောက်တည်လျှင်၊ သည်တွင်အစမင်း။
၉၄။ အလောဘ အဒေါသ အမောဟ နိက္ခမ ဝိဝေက နိဿရဏ၊
ဤခြောက်ဝ၊ အလိုရှိကြမင်း။
၉၅။ ရွှေပြည်သနစ်၊ သာသည့်ခေတ်၊ စိစစ်ကြကုန်မင်း။
၉၆။ ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း။
၉၇။ အနိစ္စကောင်၊ ဒုက္ခကောင်၊ အနတ္တကောင်၊
အသုဘကောင်၊ ထင်အောင်နှလုံးသွင်း။
၉၈။ အနိစ္စတုံး၊ ဒုက္ခတုံး၊ အနတ္တတုံး၊ အသုဘတုံး၊ လုံးလုံးနှလုံးသွင်း။
၉၉။ ဤသို့ထင်မှ၊ မဂ်လမ်းစ၊ ရမည်မှတ်စင်းစင်း။
၁ဝဝ။ မဂ္ဂင်ဖေါင်ကြီး၊ တက်၍စီးမှ၊ ပြည်ကြီးအမတ၊ နိရောဓ၊ ရမည်မှတ်ကြမင်း။
၁ဝ၁။ ယခုဘဝ၊ မသိကြမူ၊ အမတမည်ခေါ်၊ ရွှေပြည်တော်၊ အစော်မနံလျှင်း။



တကယ့် အမှန်တရား ဝါဒ
ဗုဒ္ဓဘုရားရှင် ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံ-ကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ (The Way of Righteousness) အရာအားလုံးမှာ အတ္တ ဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တ သဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism and universal real Truth) ပဲ ဖြစ်ပါတယ်။
ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ 

ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။
 
ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒုက္ခ ဟာ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။

သစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်းစသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။

သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓ အလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။

သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂) မျိုး ရှိတယ်လို့ ဖွင့်ပြပါတယ်။

၁။ သေသွားရင် သရဏဂုံ ပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။

၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။

တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါ။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

ကံ-ကံ ရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက် ဟာ မကောင်းမှု ကိုရှောင်ပြီး ကောင်းမှု ကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။

ကောင်းမှုဆောင  ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုယ် ဖြစ်ရင်  ကိုယ်ခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။   

 ဩကာသ၊ ဩကာသ၊ ဩကာသ၊
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

အနက် ။ ။သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃)ကြိမ်။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်း ကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊နှစ်ကြိမ် ၊ သုံးကြိမ်မြောက်အောင်-ပထမက ဒုတိယ၊ ဒုတိယ က တတိယ၊ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင်၊ ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကိုအရိုအသေ အလေး အမြတ် လက်အုပ်မိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေး အမြတ်ပြုအပ်သော ၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံ ရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သောဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊သံဃာအမြတ်ဆုံး ရတနာဟု ဆိုအပ်သော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ် နိုး လက်အုပ်မိုး၍၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျောကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ ၏အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့်- ဤကန်တော့ရသော ကုသိုလ်အကျိုးအား အစွမ်းကြောင့်၊ အပါယ်လေးပါး- (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသောသိဉ္စိုးငရဲ၊
(ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသောသံဃာတငရဲ ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းဝုန့်း ထလျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံနေ ကြရသောရောရုာဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွှမ်းနေပြီး ငရဲသို့ကျရောက် သူတို့ကို မီးခိုးတို့က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊
(ဆ) မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင် ခြေ၌ ရှိသောတံကျင်ပေါ်ရောက်အောင်တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊
(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ သံရည်မြစ်ငရဲတို့က တံတိုင်းခတ် သကဲ့သို့ ရံပတ်၍နေသောငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက် ရခြင်းလည်းကောင်း၊

ကပ်သုံးပါး- (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် ) ၊
(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)၊
(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း (ဒုဗ္ဘိက္ကန္တရကပ် )တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း၊ 

ရပ်ပြစ်ရှစ်ပါး- မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့် (၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ်(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊
(၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊
(၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊
(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဥာဏ်မရှိသူ
(၈) တတ်သိ နားလည်လောက် သောဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊

ရန်သူမျိုးငါးပါး- (၁) ရေ၊(၂) မီး၊ (၃) ခိုးသူ ၊(၄) မချစ်မနှစ်သက်သောသူ (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊

ဝိပတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလ၀ိပတ္တိ ၊(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ဂတိဝိပတ္တိ၊(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိဝိပတ္တိ၊ (၄)အသိအလိမ္မာဥာဏ်ပညာသတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို၊ကြံစည် မူပယောဂ၀ိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊
 
ဗျသနတရား ငါးပါးတို့မှ- (၁) ဆွေမျိုးပျက်စီးခြင်း - ဥာတိဗျသန၊(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျသန၊(၃)အနာရောဂါဖြစ်ခြင်းရောဂဗျသန၊(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊ (၅)သီလပျက်ခြင်းသီလဗျသန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊  

အခါခပ်သိမ်းကင်း လွတ်ငြိမ်း သည်ဖြစ်၍
ဤမကောင်း သောတရားတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍၊ မဂ်တရား- သောတာ ပတ္တိမဂ်၊ သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ်၊ ဖိုလ်တရား- သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်၊ နိဗ္ဗာန်ချမ်းသာ- ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ၊ သေခြင်းသဘောလည်းမရှိရာ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန်စသော၊ တရားတော်မြတ် ကိုရပါလို၏ အရှင် ဘုရား- တရားတော်မြတ်တို့ကိုသံသရာ၌ ကြာရှည်စွာမကျင်လည်ရတော့ပဲ အမြန်ဆုံးရရပါလို၏ အရှင်ဘုရား။

ဒုတိယအပိုဒ်တွင် ဆုတောင်းများပါရှိပါသည်။ ထိုသို့ဆုတောင်းနေရုံတစ်ခုတည်းဖြင့် ကောင်းကျိုးတရားတို့သည် အလိုလိုရရှိခြင်းသည်လည်းကောင်း၊ ဆိုးကျိုးတို့ လွဲသွေရခြင်းလည်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါပေ။ မိမိ၏ ကိုယ်ကျင့် သီလတို့ကို အပျက်မခံဘဲ တရားအားထုတ်၊ ကုသိုလ်လုပ်၊ အဟုတ်မပျင်းနှင့်ဆိုသည့်အတိုင်း ဆုတောင်းနေရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်ကြံသွားမှသာလျှင် မိမိတို့အလိုရှိသော ကောင်းကျိုးတရားတို့သည် ထပ်ချပ်မကွာ ရောက်ရှိလာပေမည်။



အလုံးစုံသော သတ္တဝါတွေ...
ဘေးရန် ကင်းကြပါစေ...
စိတ်ဆင်းရဲ ကင်းကြပါစေ...
ကိုယ်ဆင်းရဲ ကင်းကြပါစေ...
မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာနဲ့..
ရွက်ဆောင်နိုင်ကြပါစေ...




ရည်ညွန်းချက်များ
http://books.google.com.au/books?id=rRQa0RuucF8C&pg=PA263&lpg=PA263&dq=august+29+1961+state+religion+burma&source=bl&ots=JQveygc8ho&sig=-GJdh6rkvX1tmuLzprw4_jUxfO4&hl=en&sa=X&ei=LTz7Ufb5DoXyrQeY4YAo&ved=0CFEQ6AEwBzgK#v=onepage&q=august%2029%201961%20state%20religion%20burma&f=false
http://www.worldpopulationstatistics.com/china-population-2013/
http://www.foreignercn.com/index.php?option=com_content&view=article&id=2929:buddhism-in-china&catid=1:history-and-culture&Itemid=114
http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40
http://en.wikipedia.org/wiki/Buddhism_by_country
http://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%98%E1%80%AC%E1%80%9E%E1%80%AC
http://www.thedhamma.com/buddhists_in_the_world.htm
http://bhikkhu.webs.com/buddhismintheworld.htm
http://en.wikipedia.org/wiki/Hinduism_by_country
http://www.koausa.org/Gods/God3.html
http://www.svetmysli.net/sma.exe?pg=104
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:7893985
http://www.mawluu.com/2010/02/blog-post_09.html
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:1714928
http://www.divinebrahmanda.com/2010/05/gautama-buddha-avatar-ninth-avatar-of.html
http://wisdomquarterly.blogspot.com/2009/07/buddhism-wins-best-religion-award.html
http://www.dhammaweb.net/notes/view.php?id=599
http://blog.beliefnet.com/onecity/2009/07/freedom-from-religion-buddhism-wins-best-religion-in-the-world-award.html#ixzz2fGRnz09Q
http://en.wikipedia.org/wiki/Mett%C4%81
http://www.youtube.com/user/melvin476
http://www.loveshack.org/forums/mind-body-soul/spirituality-religious-beliefs/101472-my-religion-loving-kindness-dalai-lama
https://www.facebook.com/Pending969?hc_location=stream
http://dhammabank.com/index.php?TID=B&SID=1&page_id=0000001&catid=%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8&author_id=00001&Start=60&file_id=216
http://www.burmeseclassic.com/tayar_player.php?id=1713&FMfile=KyarNiKan/ZNiLa110_01.xml
http://www.burmeseclassic.com/tayar_player.php?id=1713&FMfile=KyarNiKan/ZNiLa110_02.xml
http://en.wikipedia.org/wiki/Nirvana
http://en.wikipedia.org/wiki/Lumbini
http://whc.unesco.org/en/list/666
http://redloyalheart.blogspot.com/2013/04/blog-post_28.html
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA
http://www.buddhanet.net/e-learning/buddhism/lifebuddha/2lbud.htm
http://buddhasutra.com/files/mahapadana_sutta.htm
http://bci.org/prophecy-fulfilled/buddhasa.htm
http://www.sacred-texts.com/bud/lob/lob26.htm
http://www.buddhanet.net/e-learning/buddhism/disciples06.htm
http://sandarthuriya.wordpress.com/2010/05/27/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8-2/
http://www.thisismyanmar.com/nibbana/buddha9.htm
https://archive.is/20130617061846/impermanences.blogspot.com/2011/07/blog-post.html
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA
http://www.abuddhistlibrary.com/Buddhism/B%20-%20Theravada/Ethics/The%20Five%20Precepts%20-%20The%20Buddhist%20Golden%20Rule/five_precepts_the_buddhist_golde.htm
ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
http://festivals.iloveindia.com/buddha-purnima/
http://en.wikipedia.org/wiki/Buddhism_by_country
http://www.chinabusinessinterpreter.com/Dasiy/16.aspx
http://www.globalone.tv/profiles/blogs/the-noble-eightfold-path
http://www.budsas.org/ebud/whatbudbeliev/62.htm
http://www.urbandharma.org/udharma3/theramaya.html
လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း စာ-၁၉၃
http://www.londonbuddhistvihara.org/fund_topics/eightfold.htm
http://dhammaweb.blogsome.com/2007/12/15/sila-samadhi-panna/
http://mminuae.org/?p=897
ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
http://festivals.iloveindia.com/buddha-purnima/
http://www.thisismyanmar.com/nibbana/lhistory.htm
http://english.sina.com/world/p/2012/0307/446893.html
http://blogs.wsj.com/scene/2012/02/22/photos-myanmars-shwedagon-pagoda-turns-2600/tab/slideshow/
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=23631&penname=About+Shwedagon+Pagoda
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
http://parami10.com/MM/Dhamma/1682/1469
http://martikar.pikay.org/2012/10/blog-post_9511.html
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:266945
http://www.budsas.org/ebud/ebdha104.htm
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA
http://buddhist-meditation-techniques.com/loving-kindness-meditation/
http://dhammamedicine.net/2010/12/01/supreme-buddh/
http://buddhismworld.ning.com/forum/topics/6371237:Topic:19067
http://www.youtube.com/watch?v=Db8M590rcqg
http://www.youtube.com/watch?v=9rOeHASlhHA
http://www.youtube.com/watch?v=C_EfHuMa7_c
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)
http://en.wikipedia.org/wiki/Buddhism_and_science
http://en.wikipedia.org/wiki/Buddhism_and_science
http://en.wikipedia.org/wiki/Karma_in_Buddhism
http://thetruelordbuddha.blogspot.com/
https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU1MC00MWZkLWEyOGEtM2YzOGFmYWQxY2Vi/edit?pli=1
http://www.sitagu.org/resources/files/Suzan_Hart_&_Sayadaw.pdf
http://www.dhammadownload.com/Dr-MehmTinMon-eBookInEnglish.htm
https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU1MC00MWZkLWEyOGEtM2YzOGFmYWQxY2Vi/edit?pli=1
http://www.chanmyay.org
http://memories-of-mstint.blogspot.com/2011/07/blog-post_21.html
http://www.accesstoinsight.org/lib/thai/lee/duties.html
http://myatcetana.blogspot.com/2011/08/blog-post_14.html 




TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,