Pages

ကိုယ် နှုတ် စိတ် အမူအရာ ယဉ်ကျေးခြင်း Important Manners and Etiquette for Every Day Basic discipline of Burmese civilization! Myoma Myint Kywe မြို့ မ မြင့်ကြွယ်



ကိုယ် နှုတ် စိတ် အမူအရာ ယဉ်ကျေးခြင်း
Important Manners and Etiquette for Every Day
Basic discipline of Burmese civilization!
Myoma Myint Kywe
မြို့ မ မြင့်ကြွယ်



Politeness costs nothing and gains everything!!!
Positive politeness is very essential!!!
Physical politeness is the best!!!
Verbal politeness is the best!!!
Mental politeness is the best of the best!!!

………“မကောင်းမှုပြုသူ၏ ဆိတ်ကွယ်ရာအရပ်မည်သည် လောက၌မရှိ၊ မှန်သည်လည်းဖြစ်စေ၊ မှားသည်လည်းဖြစ်စေ၊ ရည်ရွယ်သည်လည်းဖြစ်စေ၊ မရည်ရွယ်သည်လည်းဖြစ်စေ၊ ကောင်းကျိုးဖြစ်သည်ဖြစ်စေ၊ ဆိုးကျိုးဖြစ်သည်ဖြစ်စေ၊ အကျိုးပြုသည်လည်းဖြစ်စေ၊ အကျိုးမဲ့သည်လည်းဖြစ်စေ အကြင်အမှုကို သင်ပြု၏။ ထိုသင်ပြုသောအမှုကို အခြားတစ်စုံတစ်ယောက်က သိချင်မှသိမည်။ သို့ရာတွင် သင်ကိုယ်တိုင်ကမူ သိ၏။ ထို့ကြောင့် လူတို့သည် မကောင်းမှုပြုရမည်ကို ရှက်လည်းရှက်သင့်သည်၊ ကြောက်လည်းကြောက်သင့်သည်။ မကောင်းမှုသည် ပစ္စုပ္ပန်ကာလတွင်သာမက နောင်တမလွန်ကာလအထိတွင်ပါ မကောင်းသောဆိုးကျိုးပေးမည်သာဖြစ်၏။ ကောင်းမှုသည် ပစ္စုပ္ပန်ကာလတွင်သာမက နောင်တမလွန်ကာလအထိတွင်ပါ ကောင်းသောအကျိုးပေးမည်သာဖြစ်၏။ မကောင်းမှုသည် ပစ္စုပ္ပန်ကာလတွင်သာမက နောင်တမလွန်ကာလအထိတွင်ပါ မကောင်းသောအကျိုးပေးမည်သာဖြစ်၏ ……

……“ယဉ်ကျေးခြင်းသည်ကောင်းသောအကျိုးပေးမည်သာဖြစ်၏။  
မယဉ်ကျေးခြင်း (ကြမ်းတမ်းရိုင်းစိုင်းခြင်းသည် မကောင်းသောဆိုးကျိုးပေးမည်သာဖြစ်၏။ “….

ယဉ်ကျေးခြင်း ဟူသည် ရှောင်သင့်သည့် အရာများကိုရှောင်၍ ဆောင်သင့်သည့် အရာ များကို ဆောင်ကာအမြဲတစေ ထိန်းသိမ်းလိုက်နာအပ်သည့် သို့တည်း မဟုတ်၊ ဆောင် ရွက်ရမည့် ကိုယ်စောင့်တရားများကို ခေါ်ဆိုပါသည်။ သားသမီးတိုင်းတွင် မိဘဟူသည် ရှိရာ၏။ ထို့အတူ မိဘတိုင်းတွင်လည်း သားသမီးဟူသည်ရှိရာ၏။ သို့ဖြစ်ရကား

ယနေ့ခေတ်သမယ အခါတွင်သား သမီး တို့ကလည်း ၄င်းတို့နှင့် ပတ်သက်စပ်ဆိုင်သော ၀တ်တရားများကို မသိကြတော့၊ အလေးကရု မပြုကြတော့သလို၊ အချို့အချို့သော မိဘများ ကလည်း သားသမီးတို့အပေါ်တွင် အလိုလိုက် လွဲတတ်ကြသလို တစ်ချို့ ကား သားသမီးတို့အပေါ် မိဘတို့ ထားအပ်သော၊ ရှိအပ်သော ၀တ်တရား တို့ကို ကျေပွန်အောင်ပင်မစွမ်းဆောင်နိုင်ကြတော့ပဲ တာဝန်ပျက်ကွက်လာကြသည်လည်း တွေ့မြင်လာရလေသည်။ 
ဤတွင်မက ယဉ်ကျေးမှု သည် မိဘနှင့် သားသမီး ဆက်ဆံရေး၊ မိသားစုတစ်စုနှင့်အခြားမိသားစု ဆက်ဆံရေး၊ ဌာနဆိုင်ရာအချင်းချင်း ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ ဆရာနှင့် ဒကာတို့၏ အပြန်အလှန်ဆက်ဆံရေး၊ ဆရာနှင့်တပည့် ဆက်ဆံရေး၊ လင်နှင့်မယားတို့၏ ဆက်ဆံ ရေး၊ မိတ်ဆွေအပေါင်းအသင်းတို့၏ ဆက်ဆံရေး၊  လူကြီးနှင့်လူငယ်ဆက်ဆံရေး၊ အစ်ကိုနှင့်အစ်မဆက်ဆံရေး၊
 မောင်နှင့်နှမ ဆက်ဆံရေး၊ ယောက္ခမနှင့်သားမက်ဆက်ဆံရေး၊ ယောက္ခမနှင့် ချွေးမ ဆက်ဆံရေး၊  သမီးယောင်းမ ဆက်ဆံရေး၊ ဆရာနှင့်တပည့်ဆက်ဆံရေး၊ အစိုးရနှင့်ပြည်သူဆက်ဆံရေး၊ အရာရှိနှင့်အလုပ်သမားဆက်ဆံရေး၊ ဈေးရောင်း
သူနှင့် ဈေးဝယ်သူ ဆက်ဆံရေး၊ ကျွန်နှင့်သခင် (အလုပ်ရှင်နှင့် အလုပ်သမားတို့အကြားဆက်ဆံရေး၊..... စသည်ဖြင့် မြောက်မြားစွာရှိသည်။ 
ယဉ်ကျေးမှုသည် အပြန်အလှန်အသုံးဝင်လှပေသည်။ မရှိမဖြစ်လိုအပ်လှပေ
သည်။  ယနေ့ခေတ်သမယ အခါတွင် တစ်ဦးနှင့် တစ်ဦးနှင့် အပြန်အလှန် ထားရှိအပ်သည့်  ယဉ်ကျေးမှု ၀တ္တရားများကို နှစ်ဦးနှစ်ဘက် နားလည်မှုအားနည်းလာကြသည်ကိုလည်း တွေ့ရှိ

လာရပြန်သည်။ တစ်ချို့ကား ယဉ်ကျေးမှုအခြေခံကိုသည်ပင် မသိကြတော့ပေ။

လူသားများအဖို့ အကျင့်စာရိတ္တ ကောင်းမွန်ရေးသည် အထူးအရေးကြီးသကဲ့သို့ ယဉ်ကျေးခြင်းသည်လည်း လွန်စွာအရေးကြီးပါသည်။ ယဉ်ကျေးမှုသည် မေတ္တာစိတ်၏ အခြေခံ အကြောင်းတရား တစ်ခုလည်း ဖြစ်ပါ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း (Mutual Respect)၊ အပြန်အလှန် နားလည်မှုရှိခြင်း (Mutual Understanding)၊ အပြန်အလှန် ခွင့်လွှတ်ခြင်း (Mutual Forgiveness) နှင့် အပြန်အလှန် ယဉ်ကျေးခြင်း (Mutual Politeness) တို့သည် အပြန်အလှန် ဆက်စပ် အထောက်အကူပြုနေကြပါ၏။ ယဉ်ကျေးခြင်းသည် မိမိအတွက်သာမက၊ မိမိပတ်ဝန်းကျင်ရှိ လူများအတွက်ပါ အကျိုးကျေးဇူး ရှိစေပါ၏။ မိမိနှင့် သူတစ်ပါး နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာစေပါ၏။ 

စိတ်ထားနှင့် စေတနာ မှန်ကန်ကောင်းမွန်သော်လည်း အပြောအဆို အနေအထိုင် ယဉ်ကျေးခြင်းမရှိလျှင် နားလည်မှု လွဲချော်စေနိုင်ပါ၏။ အထင်သေးခံရတတ်ပါ၏။ ပဋိပက္ခ ဖြစ်စေနိုင်ပါ၏။ 

ယဉ်ကျေးခြင်းကိုလူတိုင်း မြတ်နိုးကြသည်။ ယဉ်ကျေးခြင်းဆိုရာ၌ ကိုယ်အမူအရာ ယဉ်ကျေးခြင်း၊ နှုတ်အမူအရာ ယဉ်ကျေးခြင်း၊ စိတ်အမူအရာယဉ်ကျေးခြင်းဟူ ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ ‘‘လူလိမ္မာသားယဉ်ပါး၊ လူမိုက်သား ရမ်းကား’’ ဟူသော စကားမှာ ယဉ်ကျေးခြင်း၏ တန်ဖိုးကို ဖော်ပြနေသော စကားဖြစ်ပါသည်။

လူမှုရေးနယ်ပယ်၌ လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်မှုသည် လွန်စွာ အရေးပါသော အကြောင်း တရားဖြစ်သဖြင့် လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာ တွင် ပြေပြစ်ပျော့ပျောင်းချိုသာစွာ ပြောဆိုတတ်ရန် (Speak politely) အရေးကြီးသည်။

လူတစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာတွင် မေတ္တာဓာတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကို ရှာကြည့်လျှင် look on the bright side based on positive view and searching optimistic and positive attitude ဖြစ်၍ (ကုသိုလ်ဖြစ်၍စိတ်လည်း ချမ်းသာသည်။ သူတစ်ပါး မကောင်း ကွက်ကို (always look on the bad side based on pessimismဒေါသ ဖြင့်ရှာ ကြည့်လျှင် (အကုသိုလ် ဖြစ်၍စိတ်လည်း ဆင်းရဲရသည်။ ဒေါသကို ထိန်းချုပ်နိုင်လျှင် ဘေးရန်ငြိမ်းအေးနိုင်သည့် အပြင် ထိပ်တိုက် ရင်ဆိုင်မှုနှင့် ပဋိပက္ခများ ကင်းဝေး မည်ဖြစ်သည်။

ပေါင်းသင်း ဆက်ဆံရာ၌ ကိုယ်အမူအရာ ယဉ်ကျေးခြင်းနှင့် နှုတ်အမူအရာ ယဉ်ကျေးခြင်း တို့ ရှိအပ်သည်။ ပေါင်းသင်း ဆက်ဆံခြင်း နှုတ်မှုပညာ သည် သင်ကြားပြသ အတုယူခြင်းဖြင့် ပြုပြင်၍ ရကောင်းသော အရာဖြစ်၏။ ကောင်းသော စကားကို ပြောဆိုခြင်းနှင့် အပြော အဆိုချိုသာ ယဉ်ကျေးခြင်းသည် မြတ်သော မင်္ဂလာမည်၏၊ သုဘာသိတာ စ ယာဝါစာ To speak sweetly, politely and, truly to others ဟု မင်္ဂလသုတ္တန် (Mingala sutta) တွင် ဂေါတမမြတ်စွာဘုရားက ဟောကြားခဲ့ပေသည်။ မြန်မာလူမျိုး တို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကျင့်အကြံများသည်လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးငှာ ဗုဒ္ဓရှင်တော်မြတ်ဟောကြားခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ၏ သွန်သင်ဆုံးမထားချက်များကို အခြေခံထားခြင်းဖြစ်သည်။ သိင်္ဂလောဝါဒ သုတ် (Sigalovada Sutta) လာ အဆိုအမိန့် တာဝန်ဝတ္တရားများမှာ မြန်မာလူမျိုးတို့၏ လူနေမှုပုံစံအခြေခံစည်းကမ်းချက်များဖြစ်သည်။
သိင်္ဂလောဝါဒသုတ်လာ သားသမီးဝတ်ငါးပါး၊ မိဘဝတ်ငါးပါး၊ တပည့်ဝတ်ငါးပါး၊ ဆရာ့ဝတ်ငါးပါး၊ လင်ဝတ်ငါးပါး၊ မယားဝတ်ငါးပါး၊ မိတ်ဆွေဝတ်ငါးပါး၊ အကြီးအကဲဝတ်ငါးပါး၊ အရှင်ဝတ်ငါးပါး၊ ကျွန်ဝတ်ငါးပါး၊ ဒါယကာဝတ်ငါးပါး စသည်တို့မှာ မြန်မာလူမျိုးတို့၏ အခြေခံယဉ်ကျေးမှုစည်းကမ်း ပင်ဖြစ်သည်။

ဗုဒ္ဓရှင်တော် ဟောကြားခဲ့သော မင်္ဂလသုတ် တရားတော်သည်လည်း လောကီလော ကုတ်နှစ်ဖြာသော အကျိုးကျေးဇူးအတွက် နည်းပေးလမ်းပြအဖြစ် မြန်မာလူမျိုးတို့ လိုက်နာကျင့် ဆောင်လျက်ရှိသည့် ဆုံးမလမ်းညွှန်ချက်များဖြစ်ပေသည်။
ယဉ်ကျေးသောလူမျိုး၊ ယဉ်ကျေးသော နှလုံးသားပိုင်ရှင် ဖြစ်ရန် လူတိုင်းကြိုးပမ်းသင့်ပါသည်။ ကျင့်ဝတ်ဟူသည် လိုက်နာစောင့်ထိန်း အပ်သော ၀တ္တရားဖြစ်သည်။ သိက္ခာဟူသည် အကျင့်သီလ၊ အကျင့်သီလ ရှိသော ဂုဏ်ဖြစ်သည်။ လူ့ဘောင်၊ လူ့လောက၊ လူမှု ပတ်ဝန်းကျင်တွင် လူ့ကျင့်ဝတ်၊ သိက္ခာ ရှိမှုသည် အရေးကြီးဆုံးသော အင်္ဂါတစ်ရပ် ဖြစ်သည်။
လူ့ကျင့်ဝတ် သိက္ခာ၏ အနှစ်သာရသည် “စာရိတ္တ ကောင်းမွန်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး နှင့် ပြည်သူ့နီတိယဉ်ကျေးမှု စည်းကမ်းလိုက်နာရေး” ပင် ဖြစ်သည်။

ကိုယ်ကျင့်တရား” ဟူသော “လူ့ကျင့်ဝတ် သိက္ခာ” သည် ရာထူးဂုဏ်သိန်နှင့်မဆိုင်။ ပစ္စည်းဥစ္စာ ကြွယ်ဝမှုနှင့်လည်း မသက်ဆိုင်။ လူ့ကျင့်ဝတ် သိက္ခာသည် ငွေ နှင့်ဝယ်ယူ၍ရသော အရာမျိုးမဟုတ်။ ရာထူး ဂုဏ်သိန်နှင့် တိုင်းတာ၍ ဆုံးဖြတ်၍ရသော အရာမျိုးလည်း မဟုတ်ပေ။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း နှင့်လည်း မသက်ဆိုင်ပေ။ လူတို့၏ မိမိကိုယ်တိုင် ကျင့်သုံးဆောက်တည် အပ်သော အလေ့အကျင့်မျိုး ဖြစ်သည်။ ထို့ကြောင့် “လူ့ကျင့်ဝတ် သိက္ခာ” (ethics and dignityဟူသည် မိမိကိုယ်တိုင် ဆောက်တည်ကျင့်သုံးမှု ဖြစ်သည်။ အရေးကြီးဆုံးက ကိုယ်ကျင့်တရား (moralityဖြစ်သည်။
လူ့ကျင့်ဝတ် သိက္ခာတွင် ကိုယ်အမူအရာ (physical action ကာယကံ)၊ နှုတ်အမူအရာ (verbal action ၀စီကံ)၊ စိတ်အမူအရာ (mental action / mental culture  မနောကံ) ဟူသော အမူအရာသုံးပါး (ကံသုံးပါး) သည် အခြေခံ ဖြစ်သည်။ လူတစ်ဦးသည် ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့ နေရုံမျှဖြင့် လူ့ကျင့်ဝတ်သိက္ခာ မကောင်းနိုင်။ ထိုနည်းတူ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ နေရုံမျှဖြင့် လူ့ကျင့်ဝတ်သိက္ခာ မပြည့်စုံနိုင်။ စိတ်အမူအရာ တစ်ခုတည်း ကောင်းနေရုံမျှဖြင့်လည်း လူ့ကျင့်ဝတ်သိက္ခာ ကောင်းသည်ဟု မသတ်မှတ်နိုင်ပေ။
ကိုယ်နှုတ် အမူအရာ သုံးပါးလုံး ပြည့်စုံခြင်းဟူသော ကိုယ်အမူအရာ ယဉ်ကျေးခြင်း(physical politeness)၊ နှုတ်အမူအရာ အပြောအဆို သိမ်မွေ့ခြင်း (verbal politeness )၊ စိတ်အမူအရာ စိတ်နေစိတ်ထား ဖြူစင်မြင့်မြတ်ခြင်း (mental  politeness and purification of mindတို့သည်သာလျှင် လူ့ကျင့်ဝတ် သိက္ခာ၏ တန်ဖိုးဖြစ်သည်။ အင်္ဂလိပ်ဘာသာ Culture, Civilization  ဝေါဟာရ တို့ကိုလည်း မြန်မာဘာသာအားဖြင့် ယဉ်ကျေးမှု၊ ယဉ်ကျေးခြင်း ဟူ၍ပင် ဘာသာပြန်ဆိုသုံးစွဲလျက်ရှိကြသည်။

အိမ်၌ ယဉ်ကျေးခြင်း How to Be Polite at Home သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁. မိမိခန္ဓာကိုယ်နှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသေသပ်မှုရှိရာ၏။
၂. မိမိနှင့် သင့်လျှော်သော နေရာတွင် နေရာ၏။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ မသွားရာ။ သွားလျှင်လည်း မနီးလွန်းမဝေးလွန်း နေရာတွင် နေအပ်၏။
၃. ကြည်လင်သော မျက်နှာထား အမူအရာ ရှိအပ်၏။
၎. ကျယ်လောင်သော စကားမပြောရ။ ဆူညံခြင်း မရှိစေရ။
၅. လူငယ်အချင်းချင်း သင့်တင့်စွာ နေရာ၏။
၆. လူကြီးမိဘများ၏ အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။
၇. အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ (သို့) ခေါက်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျ ရှိစေရာ၏။
၈. အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။
၉. သူများမနှိုးမီ သင်နိုးလျှင် သတိပြုရာ၏။ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။
၁၀. ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှု မမှန်ဖြစ်တတ်သည်။
၁၁. တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဖက်ဖြင့် ပေးရာ၏။
၁၂. တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ ဖြစ်စေ ဝင်သည့်ထွက်သည့်အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်ရာ၏။
၁၃. အိမ်ကို ဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ ထားရာ၏။
၁၄. မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။
၁၅. အစာစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။
၁၆. အလျင်စလို မစားရာ။ စားလျှင်လည်း ဇွန်းသံ၊ ခွက်သံ မကြားအောင် စားရာ၏။ စားနေသူအချင်းချင်းကို မေးခွန်းများ မမေးရ။ မေးစရာရှိလျှင်လည်း တိုတိုသာမေးရာ၏။
၁၇. ထမင်းလုတ်မကြီးစေရ။ ထမင်းလုတ်နှင့် ထမင်းဝါးနေရင်း စကားမပြောရ။
၁၈. ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကို ဟ၍ မထားပါနှင့်။ ပျတ်ပျတ်မြည်အောင် မစားပါနှင့်။
၁၉. ဟင်းရည်သောက်လျှင် မမြည်စေရ။
၂၀. ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။
၂၁. ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။
၂၂. လက်ဖဝါးကို ဟင်းရည်မပေစေရ။ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို ဟင်းပေလက်နှင့် မနှိုက်ရ။
၂၃. ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့် ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။
၂၄. ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။ တံတောင်ဆစ်မတင်ရ။
၂၅. ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်၍ စားရာ၏။
၂၆. တစ်စုံတစ်ရာ အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။
၂၇. သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟတ်ခြင်းတို့ မပြုအပ်။
၂၈. ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွေ့ဒီရွေ့မလုပ်ရ။ (ဣနြေ္ဒမရသော အပြုအမူဖြစ်သည်)
၂၉. သူတစ်ပါး၏ ထမင်းပန်းကန်၊ ဟင်းပန်းကန်နှင့် ပါးစပ်ကို မကြာခဏမကြည့်ရ၊ မလေ့လာရ။
၃၀. ထမင်းစားချိန်တွင် ဒေါသဖြစ်စရာ အကြောင်းအရာကိစ္စများကို မပြောရ။
၃၁. ထမင်းစားချိန်တွင် အစားသောက်နှင့်ပတ်သတ်၍ ပြစ်တင်ကဲ့ရဲ့ခြင်း မပြုရ။
၃၂. ဟင်းပေါ့ခြင်း၊ ဟင်းငန်ခြင်းစသော ကိစ္စများရှိသည့်အခါ ဟင်းချက်သူအား အပြစ်မတင်ပဲ နောက်တစ်ခါကျရင် မည်သို့မည်ပုံ ချက်ပေးပါ၇န် ဟင်းချက်သူ (မိခင်/ဖခင်/ဇနီး/ခင်ပွန်း/အစ်ကို/အစ်မ/အိမ်ဖော်) တို့ကို ယဉ်ကျေးစွာ မေတ္တာရပ်ခံရာ၏။
၃၃. လူကြီးမိဘများ ဧည့်သည်များသည် ဘာကိုအလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင် အသံမကြားစေရာဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။
၃၄. လက်ဖက်ရည် ကော်ဖီသောက်သောအခါ အောက်ခံပန်းခံပြားထဲတွင့် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၄င်းပန်းကန်ပြားသည် ပန်းကန်လုံးကို သယ်ဆောင်ရန်နှင့် မဖိတ်စေရန်၊ မပေစေရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။ လက်ကို အပူလောင်ခြင်းမှလည်း ကာကွယ်ပေး၏။
၃၅. လက်ဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။
၃၆. ဇွန်းဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။
၃၇. ထမင်းစားစဉ် စကားများများ မပြောရ။ ကြည်လင်သော၊ ဒေါသကင်းသော မျက်နှာထားရာ၏။ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။

ကျောင်း၌ ယဉ်ကျေးခြင်း How to Be Polite at School သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁. စာသင်ခန်းသို့ အချိန်မှန်စွာ ရောက်ရာ၏။ နောက်ကျ၍ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်းနှင့် ဆရာအား ခွင့်တောင်းရာ၏။
၂. အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ။ စကားမများရ။ တစ်ဦးနှင့်တစ်ဦး Bully မလုပ်ရ။
၃. အခြားကျောင်းသားများအား မည်သို့မျှ အနှောင့်အယှက်မပြုရ။
၎. စာအုပ် စာရေးကိရိယာများကို ရိုသေစွာ ကိုင်တွယ်ပါ။
၅. စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်။ စာရွက်ထောင့်က ဖွင့်ရာ၏။
၆. စာရွက်ကို ခေါက်၍ချိုး၍ မမှတ်နှင့်။ စာအုပ်ကို မှောက်၍ မထားနှင့်။ စာရွက်တစ်ရွက်ဖြင့် ညှပ်၍ထားရာ၏။
၇. စာဖတ်နေစဉ်၌လည်းကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲသို့ လက်ကို မသွင်းနှင့်။ လက်သည်းကို မကိုက်နှင့်။
၈. မိန်းကလေးများသည် နီးစပ်ရာ စုပေါင်း၍ တစ်ယောက်ကို မခေါ်မပြော ဝိုင်းပယ်သော အကျင့်ရှိတတ်၏။ အပယ်ခံရသူသည် အလွန် စိတ်ဆင်းရဲရသောကြောင့် ထိုအပြုအမူကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။
၉. အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။
၁၀. တစ်ယောက်နှင့် တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။ တစ်ဦးတစ်ယောက်က ပြုလုပ်လျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ သတိပေးရာ၏။
၁၁.  ကြမ်းတမ်းရိုင်းစိုင်းသောစကားပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်းတို့ကို မပြုရ။ ရှောင်ကြဉ်ရာ၏။ (မခံချင်ဖွယ်စကား၊ ရိုင်းစိုင်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကိုပြောခြင်း၊ စကားနိုင်လုပြောခြင်းတို့ကို ရှောင်ကြဉ်ပြီး ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသောစကား အသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။)
၁၂.  ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ၏။
၁၃.  မိမိထက် အသက်အရွယ်ကြီးသော ကျောင်းသားကျောင်းသူများကို အစ်ကိုအစ်မသဖွယ် ဆက်ဆံပြောဆိုရာ၏။
၁၃.  ကျောင်းသူကလေးများနှင့် ရော၍နေရပါလျှင် မိမိညီမအရင်းကဲ့သို့/မောင်ရင်းနှမရင်းသဖွယ် သဘောထားရာ၏။ စောင့်ရှောက်နိုင်သမျှ စောင့်ရှောက်ရာ၏။
၁၄.  သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ အပြုအမူယဉ်ကျေးသော စံပြလူငယ်တစ်ယောက် ဖြစ်လာစေရန် အစဉ်မပြတ် ကြိုးစားပါ။

လမ်း၌ ယဉ်ကျေးခြင်း How to Be Polite on the Road  သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁. လမ်းသွားစဉ် မိမိထံမှ ခြေသံ၊ စကားသံစသော ကျယ်လောင်သော အသံတစ်စုံတစ်ရာ မထွက်စေရ။
၂. ကားလမ်းမပေါ်တွင် လမ်းသွားစဉ် ဘေးကပ်၍ လျှောက်ရာ၏။
၃. ပက်လက်ဖောင်းရှိလျှင် ပက်လက်ဖောင်းပေါ်မှသာ လမ်းလျှောက်ရာ၏။
၎. အကယ်၍ သင်သည် ကိုယ်တိုင်ကားမောင်း၍ဖြစ်စေ၊ ယာဉ်မောင်းငှားပြီးမောင်းခိုင်းစဉ်ဖြစ်စေ၊ လမ်းလျှောက်သူလူအများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသားကျောင်းသူများကို မထိခိုက်စေရန် မောင်းနှင်ရာ၏။ မောင်းနှင်အောင်လည်း ညွှန်ကြားပေးရာ၏ မော်တော်ယာဉ်အချင်းချင်းလည်း အပြန်အလှန်လေးစားရာ၏။ လမ်းလျှောက်သူတစ်စုံတစ်ယောက်အား ထိခိုက်မှုမဖြစ်အောင်၊ ယာဉ်တိုက်မှုမဖြစ်အောင် မောင်းနှင်ရာ၏။ စည်းကမ်းတကျ အရှိန်ကို နှေးလွန်းခြင်း၊ မြန်လွန်းခြင်းမရှိပဲ ရုတ်တရက် ဘရိတ်အုပ်ခြင်းမပြုပဲ ထိန်းထိန်းသိမ်းသိမ်းမောင်းနှင်ရာ၏။
၅. လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လျှောက်စဉ် ကျယ်လောင်စွာ သီချင်းဆိုခြင်း မပြုရ။) သူတစ်ပါးအိမ်ရှေ့တွင် အော်ဟစ်စွာ စကားပြောဆိုခြင်း၊ ဂီတာတီးသီချင်းဆိုခြင်း မပြုရ။
၆. မော်တော်ကားလမ်းတွင်ရပ်၍ စကားပြောလျှင် လမ်းဘေးလွတ်ရာသို့ရှောင်၍ ပြောရာ၏။
၇. မော်တော်ကားလမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောင့်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြံတွင်ဖြစ်စေ၊ အခြားကန့်သတ်နေရာများတွင်ဖြစ်စေ စည်းကမ်းသတ်မှတ်ချက်များရှိပါက လိုက်နာရန် သတိပြုရာ၏။
၈. ရဟန်းသံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို လမ်းဖယ်၍ ပေးရာ၏။
၉. လမ်းသွားစဉ် (အထူးသဖြင့် ဘက်စ်ကားအတက်အဆင်း) ထီး၊ တုတ်စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက်တို့ စိုက်ကာ ကိုင်ဆောင်ရာ၏။
၁၀. လမ်းပေါ်တွင် ငှက်ပျောသီးခွံစသော သစ်သီးခွံများကို ပစ်မထားပါနှင့်။
၁၁. မီးရှိသော ဆေးလိပ်တိုကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်။ နင်းမိသူ အပူလောင်တတ်သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။
၁၂. အမှိုက်၊ ပုလင်းကွဲ၊ စက္ကူ စုတ်စသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက ဖယ်ရှားပစ်ရာ၏။ မိမိကိုယ်တိုင်လည်း မပစ်ရ။
၁၃. လူကိုဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက ဖယ်ရှားပေးရာ၏။
၁၄. ကြီးမားသောပစ္စည်းထုပ်များ သယ်ဆောင်လာသူများအား မိမိက ရှောင်ဖယ်ရာ၏။ လမ်းဖယ်ပေးရာ၏။
၁၅.  လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီးစသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။
၁၆.  လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ –လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်— လေးမြတ်စွာ ဂါရဝပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မှာချီ၍ လည်းကောင်း၊ –ဦးညွှတ် နှုတ်ဆက်— တန်သူကို ဦးညွှတ်၍လည်းကောင်း၊ –ပြုံး၍ နှုတ်ဆက်— တန်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။
၁၇.  မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး စကားဖြင့် မလိုအပ်ပဲ အချိန်ကြာမြင့်စွာ ပြောဆိုနှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်ရာ၏။ ပြောစရာရှိရင်လည်း လိုတိုရှင်းသာပြောရာ၏။
၁၈.  တစ်ဦးတစ်ယောက် မတော်တဆ ထိခိုက်မိ၍ဖြစ်စေ တစ်စုံတစ်ခုသော သူက သူ၏အမှားကိစ္စအတွက် သင့်ကို တောင်းပန်သည်ရှိသော် အလွန်တကူ ခွင့်လွှတ်ကြေအေးရာ၏။
၁၉. အကယ်၍ မိမိကလည်း တစ်ပါးသူများအပေါ် အမှားတစ်စုံတစ်ရာပြုမူခဲ့သည်ရှိပါက တောင်းပန်ဖို့ ဝင်မလေးရ။ ယဉ်ကျေးစွာ တောင်းပန်ရာ၏။

ခရီးသွားစဉ် How to Be Polite Traveling ၌ ယဉ်ကျေးခြင်းသည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁.    ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသောယာဉ်တို့ဖြင့်ဖြစ်စေ ခရီးသွားသောအခါ အတင်းတိုး၍ မဝင်ရ၊ အားနည်းသူများကို ပထမဦးစွာ အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ်သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား တတ်နိုင်သမျှ ကူညီရာ၏။ သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဦးစားပေးရာ၏။ ခုံနေရာဖယ်ပေးရာ၏။ အကယ်၍ တစ်စုံတစ်ရာ မကူညီစေကာမူ မိမိအတွက် အနှောင့်အယှက် မဖြစ်စေသင့်၊ တံခါးကိုဖွင့်ပေးခြင်း၊ ပစ္စည်းတစ်ခုခုကို ယူပေးခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာရှိစေရန် ကူညီခြင်း၊ လေးသောဝန်ကို ပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။)
၂.    ဘက်စ်ကားပေါ်တွင် ခရီးသွားပြည်သူတို့ကလည်း အပေါက်ဝတွင် ပိတ်ဆို့မနေသင့်သကဲ့သို့ ဘက်စ်ကားစပယ်ယာ (လက်မှတ်ရောင်းသမား) ကလည်း ခရီးသွားပြည်သူများကို အော်ဟစ်ကြိမ်းမောင်းခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ ပြောဆိုပြု မူခြင်းများ ရှောင်ကြဉ်ရာ၏။
၃. မိမိကြောင့် တစ်စုံတစ်ယောက်သောသူတစ်ဦးအား မတော်တဆထိခိုက်နစ်နာမှုရှိပါက နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ ထိုတစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ကျေနပ်သည်အထိ တောင်းပန်ရာ၏။
၎. တစ်စုံတစ်ယောက်ကြောင့် မိမိတွင် မတော်တဆထိခိုက်နစ်နာမှုတစ်စုံတစ်ရာရှိခဲ့သော်လည်း ထိုသူမှ မိမိအား သူ့အမှားကို ဝန်ခံပြီး မိမိကို တောင်းပန်လျှင် အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာ ပြောအပ်၏။
၅.    လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့် (ကွမ်းတံတွေးထွေးခြင်းကို အထူးရှောင်ရှားသင့်ပေသည်)၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဥပါဒ်အန္တရာယ်ကိုလည်း ဖြစ်စေ၏။
၆.    ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စ်ကားများအတွင်းစသည့် လူအများနှင့် ဆက်ဆံရာနေရာများတွင် စကားကျယ်စွာ မပြောရ၊ အော်ဟစ်ခြင်းကို မပြုရ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ အသံတိုးတိုးစကားပြောရာ၏။
၇.    ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ။ သူတစ်ပါးမခံသာသော အနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ။ မိမိ၏ ဆေးလိပ်အနံ့၊ အရက်အနံ့၊ ကြက်သွန်ဖြူ နီအနံ့တို့သည် ပတ်ဝန်းကျင်ကို မထိခိုက်စေရန် သတိပြုရာ၏။
၈.    စက္ကူ စုတ်၊ မုန့်ထုပ်စက္ကူ ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မညစ်ပတ်အောင် သတိပြုရာ၏။
၉.    ချောင်းဆိုးခြင်း၊ နှာချေခြင်းကို လူရှေ့တွင် တတ်နိုင်သမျှ မပြုလုပ်ရာ၊ တစ်ခြားနေရာသို့ ထသွားခြင်းငှာ မတတ်နိုင်ပါလျှင် လက်ကိုင်ပဝါအုပ်၍ ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်ရာ၏။
၁၀.  ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ၊ ကုန်တိုက်စသည်တို့၌ အတင်းဝင်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သောနေရာမျိုးတွင် မိမိအတွက် အလျင်ရရန်၊ ရောက်ရန် တိုးဝှေ့၍ တက်ခြင်း၊ ရောက်နှင့်ပြီးသူတို့ကို ကျော်၍တက်ခြင်း၊ နေရာကောင်းကို လုခြင်း၊ နေရာရွေးခြင်း၊ မိမိကိုသာလျှင် ဦးစွာဆောင်ရွက်စေလိုခြင်းစသော အပြုအမူတို့သည် ယဉ်ကျေးသော နိုင်ငံကြီးသားတို့၏ အပြုအမူမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။
၁၁.  လူစည်ကားရာ အရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ အသားချင်း မထိထိအောင် တမင်သက်သက် တိုးကပ်ခြင်း၊ အခွင့်ရေးယူခြင်း၊ နောက်ပြောင်ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသော အမူအရာဖြစ်၍ လွန်စွာရှက်ဖွက်ကောင်းလှ၏။ ရှောင်ကြဉ်ရာ၏။

ကစားစဉ် How to Be Polite Playing  ၌ ယဉ်ကျေးခြင်းသည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁.    ကစားသောအခါ ကျန်းမာရေးကောင်းမွန်စေရန်နှင့် စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းများကိုသာလျှင် ကစားရာ၏)
၂.    ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သော စိတ်ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။ (တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ ကစားခြင်းကို ပြုရာသည်။)
၃.    အပျော်အရွှင် အနိုင်အရှုံးကစားခြင်း၌ အရှုံးအနိုင်ကို ပဓာန မထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။
၎.    ကစားရာ၌ ဝမ်းသာဝမ်းနည်းခြင်းကို ထင်ရှားမပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သိုပင် ရှုံးသောပွဲကိုလည်း စိတ်မပျက်ဘဲ ကစားရာ၏။)
၅.    အငြင်းအခုန်ဖြစ်လျှင် တစ်ဘက်သားဆန္ဒ ပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပါ၊ အငြင်းမသန်ပါစေနှင့်။
၆.    ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။
၇.    ဒိုင်လူကြီးမရှိလျှင် အသင့်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။
၈.    ကစားစဉ် မတော်တစထိခိုက်မိလျှင် အပြစ်မယူပါနှင့်။ တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။
၉.    မိမိကလည်း မရည်ရွယ်ဘဲနှင့် ထိုကဲ့သို့ ပြုလုပ်မိတတ်သည်ကို သတိပြုပါ။
၁၀.  ကြမ်းတမ်းသော စကား၊ ကြမ်းတမ်းသော အပြုအမူတို့ကို ရှောင်ကြဉ်ပါ။ (ရှုံး၍ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမူဖြစ်၏။)

အထွေထွေ ယဉ်ကျေးခြင်း How to Be Polite Everywhere သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။
၁. သူတစ်ပါးနှင့် မိမိမိတ်ဆွေတို့၏ ကိုယ်ရေးကိုယ်တာအတွင်းရေးကိစ္စများ၊ အားနည်းချက်များ၊ မိမိမိသားစု၏အတွင်းရေးကိစ္စများ၊ အားနည်းချက်များကို အခြားသူများအား မပြောရ။ သူတစ်ပါး၏မိသားစု အတွင်းရေးအားနည်းချက်များကို အသေးစိတ်မသိချင်ရ။ မိသားစုဝင်အချင်းချင်း အားနည်းချက်များ၊ မကျေနပ်ချက်များရှိပါက ကိုယ့်အချင်းချင်းဆွေးနွေးတိုင်ပင်အဖြေရှာသင့်သည်။ ဖြစ်သင့်သည်မှာ မိသားစုဝင်တစ်ချို့၏ အားနည်းချက်များကို မိသားစုဝင်ချင်းအချင်းချင်းသာ ယဉ်ကျေးစွာ၊ စိတ်ရှည်စွာဖြင့် မိသားစုစိတ်ဓာတ် (family spirit) ပြေလည်သည်အထိ ညှိနှိုင်းဆွေးနွေးအဖြေရှာသင့်ပါသည်။ (compromise is better than fighting) (negotiation is better than confrontation) (patience is better than confrontation) (forgiveness is better than confrontation)
၂. အရာရာတွင် တစ်ဖက်စွန်းမရောက်စေရ။ မလျော့မတင်းအလယ်အလတ် ပြုကျင့်ရာ၏။(လျော့လွန်းလျှင် လူစော်ကားခံရတတ်၏။ တင်းမာလွန်းလျှင် လူမုန်းခံရတတ်၏။)
၃. လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့် ထိုသူတို့၏ မျက်နှာကို ရိုးသားတည်ကြည်စွာဖြင့် ကြည့်၍ ပြောရာ၏။
၎. စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်။ ရဲတင်းလွန်းသော အမူအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။
၅. သူတစ်ပါး စကားပြောလျှင် ကြားဖြတ်၍ မပြောရ။ ထိုသူ၏ စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါသည့်တိုင်အောင် စိတ်မပါသည့်အမူအရာကို မပြဘဲ စိတ်ဝင်တစား နားထောင်ရာ၏။
၆. ဖြည့်စွက်၍ ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ လူတတ်ကြီးလုပ်လိုသည့်သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
၇. သူတစ်ပါး၏ အပြစ်ကို မပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ ချီးမွမ်းစရာကောင်းကွက်မရှိလျှင် ကဲ့ရဲ့ရှုံ့ချခြင်းထက် ထိုသူ၏အကြောင်းကို မပြောဘဲနေခြင်းက အကောင်းဆုံးဖြစ်သည်။
၈. ဒေါသထွက်နေသူတစ်စဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြီး ပြောဆိုခြင်း မပြုအပ်။ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။
၉. မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသော စကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
၁၀. လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန် သတိထားရာ၏။ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။
၁၁. မကောင်းသောစကားကို မပြောမိစေရန် မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါး ပြောဆိုလုပ်ကိုင်နေပါလျှင် ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာအား အားပေးခြင်း မပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။
၁၂. မိမိနှင့် မဆိုင်သောနေရာ၊ မသွားသင့်သောနေရာများကို မသွားရ။ သူတစ်ပါး၏ ပစ္စည်းအသုံးအဆောင်များကိုလည်း ခွင့်ပြုချက်မတောင်းပဲ ဆွဲကိုင်မကြည့်ရ။ သူတစ်ပါး၏ အလုပ်နေရာ/အလုပ်ခန်းနေရာများကို ခွင့်ပြုချက်မတောင်းပဲ ဝင်ရောက်မကြည့်ရ။
၁၃. မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသောအခါမှသာလျှင် သိရာ၏။ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့်။ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။
၁၄. အခြားသူများ၏ စာအိတ်များ၊ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင် မကြည့်ရာ၊ ဖွင့်မဖတ်ရ။
၁၅. မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်။ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ။ အများ၏ အနှောင့်အယှက် ဖြစ်စေရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကို ဖြစ်စေသည်။
၁၆. မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာကြည်ကြည်လင်လင်ထားရာ၏။ မကောင်းသော ဘေးဒုက္ခတွေ့သည့်အခါမှာပင် စိတ်ညစ်မနေဘဲ အပြုံးဖြင့် စိတ်ကြည်လင်စွာ အကောင်းဘက်က ယူရာ၏။
၁၇. ပြုံးရွှင်သော မျက်နှာကို ထားနိုင်သမျှ ထားပါ။
၁၈. သန့်ရှင်းမှုသည် အလွန်အရေးကြီးသည်။ မိမိ၏ အဝတ်အစား အသုံးဆောင်ပစ္စည်းများ သန့်ရှင်းစင်ကြယ်ဖို့ သတိပြုပါ။ အဝတ်အစားနှင့် အသုံးဆောင်ပစ္စည်းများ သန့်ရှင်းစင်ကြယ်ဖို့ထက် စိတ်ထားဖြူစင်မြင့်မြတ်သန့်ရှင်းခြင်းက ပိုပြီး အရေးကြီးပါသည်။
၁၉. လူတစ်ဦးနှင့်တစ်ဦး အခင်အမင်ပျက်စေသော၊ မုန်းတီးစေသော၊ ခိုက်ရန်ဒေါသဖြစ်စေသော၊ မသင့်တော်သော အပြောအဆိုအမူအကျင့်တို့ကို ရှောင်ကြဉ်ရာ၏။
၂၀. နှုတ်ချို သျှိတစ်ပါး၊ နှုတ်ကောင်းလျှင်ပြည်စိုး၊ စကားကျွံသော် နုတ်မရ
နှုတ်ကြောင့်သေ လက်ကြောင့်ကြေ— ဆိုသော စကားပုံများကို သတိပြုပါ။
၂၁. တစ်ဦးနှင့်တစ်ဦး အတတ်နိုင်ဆုံး အကောင်းဆုံးဝါဒ (optimism) ကြည့်မြင်နိုင်အောင် ကြိုးစားပါ။ မကောင်းမြင်ဝါဒ (pessimism) ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
၂၂. သူတစ်ပါး၏ ပျော်ရွှင်မှုကို မနှောင့်ယှက်ပါနှင့်။ လူတိုင်းအပေါ် ဖြောင့်မတ်သော စိတ်စေတနာကောင်းထားပါ။
၂၃. အလုပ်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ၊ လမ်းတွင်ဖြစ်စေ မည်သည့်နေရာတွင်မဆို၊ မည်သူ့ကိုမဆို ကြီးနိုင်ငယ်ညှင်းမလုပ်ရ။ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်ပါစေ။ သည်းခံခြင်း (patience)၊ ခွင့်လွှတ်ခြင်း (forgiveness) စသော ကောင်းမွန်သော စိတ်နေစိတ်ထားများရှိပါစေ။ မိမိမှာ တာဝန်ပေးခံရ၍ ဩဇာအာဏာ ရှိလာလျှင် ငယ်သားကို မညှင်းပါနှင့်။ မကြိမ်းမောင်းပါနှင့်။ ယဉ်ကျေးစွာ ပြောဆို ဆက်ဆံတတ်ပါစေ။
၂၄. မိမိအိမ်သားအချင်းချင်းသာမက တစ်ပါးသူများနှင့် ဆက်ဆံပြောဆိုရာတွင် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံသင့်ပြီး လူစိမ်းများဖြစ်လင့်ကစား ဦးလေးအရွယ်ရှိသူကို ဦးလေး” ဟူ၍ လည်းကောင်း၊ အဒေါ်အရွယ်ရှိသူကို အဒေါ်” ဟူ၍ လည်းကောင်း၊ အစ်ကိုအစ်မအရွယ်ရှိသူကိုအစ်ကို၊ အစ်မ” ဟူ၍ လည်းကောင်း၊ ညီလေးမောင်လေးညီမလေးအရွယ်ရှိသူကို ညီလေး၊ မောင်လေး၊ ညီမလေး” ဟူ၍ လည်းကောင်း ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရာ၏။ မည်သူ့ကိုမဆို ရိုင်းပြစွာ မဆက်ဆံရ။ မိမိထက် အသက်များစွာကြီးသူများ၊ ဂုဏ်ကြီးသူများကို ခင်ဗျား မင်း” ငါ ဟေ့ကောင်  “ဟိုကောင် “ဟိုကောင်မ” စသည်ဖြင့် ရိုင်းပြစွာပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။
၂၅. စကားပြောရာတွင် သူတစ်ပါး၏မျက်နှာကိုသာ ကြည့်၍ပြောရာ၏။ သူတစ်ပါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အဝတ်အစားများကို head to toe, toe to head (curiosity)စပ်စပ်စုစု လေ့လာကြည့်ရှုခြင်းမှ ရှောင်ကြဉ်ရာ၏။
၂၆. သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ သူတစ်ပါး၏ မိသားစုအတွင်းရေးကိစ္စများ လေ့လာစပ် စုခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ တစ်စုံတစ်ဦးသို့ ထပ်ဆင့်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။
၂၇. ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ ရည်ရွယ်ချက်မပါသည်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မိမိကြောင့် သူတစ်ပါး၏ အကျိုးစီးပွား၊ ဂုဏ်သိက္ခာ ထိခိုက်နစ်နာသည်ရှိသော် တောင်းပန်ဖို့ ဝန်မလေးရ/မရှက်ရ။ အမှားကို တောင်းပန်ခြင်း၊ ဝန်ခံခြင်းသည် ရှက်စရာမဟုတ်ပါ။ သို့ရာတွင် နောက်ထပ်အလားတူအမှားမျိုး ထပ်မံမပြုလုပ်မိအောင်/ထပ်မံမမှားအောင် ဆင်ခြင်ဖို့အရေးကြီး၏။ အတိတ်က အမှားတစ်စုံတစ်ရာ ပြောမှားလုပ်မှားရှိပါက ထိုအမှားကို နောင်တရပြီးပြု ပြင်ဖို့ အရေးကြီးပါ၏။
၂၈. ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေသော သနားသည်းခံတတ်သော၊ နားလည်မှုရှိသော၊ အပြန်အလှန်လေးစားမှုရှိသော၊ မွန်မြတ်သန့်စင်သော မေတ္တာ၊ ကရုဏာ၊ သည်းခံစိတ် ထားရှိရမည်။
၂၉. ချမ်းမြေ့သာယာသော၊ ပျော်ရွှင်စရာကောင်းသော မိသားစု (Happy family) ဖြစ်အောင် မိသားစုဝင်တိုင်းက (fidelity, honesty and loyalty) ကိုယ်စီကျင့်ကြံနေထိုင်ရာ၏။
၃၀. (အိမ်ထောင်ရှိသူဖြစ်က) အေးအတူပူအမျှ အတူတကွ သစ္စာရှိလျက် ရာသက်ပန် ချစ်ခင်မြတ်နိုးစွာ ပေါင်းသင်းရာ၏။ divorce, adultery, homosexual, polygamy စသော မကောင်းသော မျိုးစုံတို့အား ရှောင်ကြဉ်ရာ၏။
၃၁. မည်သူမဆို အသိပညာ၊ အတတ်ပညာ သင်ယူခြင်း၊ ကျွမ်းကျင်ခြင်း ရှိရမည်။
၃၂. မမှန်ကန်သော၊ အကျိုးမရှိသော၊ အတင်းအဖျင်းစကားများ ပြောဆိုနားထောင်ခြင်း၊ သူတစ်ပါးအိမ်သို့ အဓိပ္ပာယ်မဲ့၊ အကြောင်းမဲ့ လည်ပတ်သွားလာခြင်း၊ အကျင့်စာရိတ္တမကောင်းသော၊ နာမည်ပျက်ရှိသော ပုဂ္ဂိုလ်များနှင့် ပြောဆိုဆက်သွယ်ခြင်းများမှ ရှောင်ကြဉ်ရာ၏။
၃၃. ရိုးသားဖြောင့်မတ်ပြီး သစ္စာသမာဓိတည်ကြည်သော လူကောင်းသူကောင်းများကို ယဉ်ကျေးလေးစားခြင်းမရှိသည့်အပြင် မိမိစိတ်သဘောနှင့် မတိုက်ဆိုင်လေတိုင်း ဂါရဝေါစ နိဝါတောစ တရားနှင့်မညီဘဲ ကြမ်းတမ်းရိုင်းပြစွာဆက်ဆံခြင်းများမှ ရှောင်ကြဉ်ရာ၏။
၃၄. မိမိသည်သာအတော်ဆုံး၊ အကောင်းဆုံး၊ အလုပ်အများဆုံး၊ အကြီးကျယ်ဆုံးဟု ထင်မှတ်ကာ ရာထူးမာန်၊ ပစ္စည်းမာန် စသော မာန်မာနများတက်ကြွနေခြင်း၊ 
အောက်ခြေလွတ်နေခြင်း၊ မောက်မာလွန်းခြင်း (ဝါးလုံးခေါင်းထဲတွင်လသာနေခြင်း) များ(arrogance, selfishness and rudeness) များမှ ရှောင်ကြဉ်ရာ၏။
သူခိုးက-လူကိုဟစ်သည့်သဘော၊ (ကောက်ညှင်းက မစေးပဲ- ဆန်ကြမ်းက စေးနေခြင်း) မျိုးကို ရှောင်ကြဉ်ရာ၏။
၃၅. (အိမ်ထောင်ရှိသူများဖြစ်ပါက) ရိုးသားဖြောင့်မတ်ပြီး အိမ်ထောင်ရေး၊ လူမှုရေး သစ္စာရှိရာ၏။ (fidelity, honesty and loyalty များနှင့် ကိုယ်စီကျင့်ကြံနေထိုင်ရာ၏။တစ်ပါးသူများနှင့် 
ပြောဆိုဆက်ဆံရာတွင် ပတ်ဝန်းကျင်အမြင်တင့်တယ်အဆင်ပြေမှုရှိအောင် မနေတတ်ခြင်း၊ သံသယဖြစ်စရာ အပြောအဆို အပြုအမူများပြုလုပ်ခြင်းတို့မှ ရှောင်ကြဉ်ရာ၏။
၃၆. လူတိုင်းအပေါ်ယုံကြည်လွန်းခြင်း၊ သံသယများလွန်းခြင်း၊ သူတစ်ပါးအပေါ် အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်းစသော အစွန်းရောက်ခြင်းများ ရှောင်ကြဉ်ရာ၏။ (မလျှော့မတင်း ပုံမှန်ဆက်ဆံပြောဆိုခြင်းနှင့်အရာရာကိုသတိနှင့်ယှဉ်ပြီး ဝေဖန်ပိုင်းခြား
နားလည်ခြင်း၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ် ဆင်ခြင်တုံတရား (right thought and right logical arrangement) ရှိရာ၏။
၃၇. မိသားစုဝင်အချင်းချင်းဖြစ်စေ၊ သူငယ်ချင်းအချင်းချင်းဖြစ်စေ ကျေနပ်မှုတစ်စုံတစ်ရာမရှိလျှင် ပြဿ     နာတစ်စုံတစ်ရာပေါ်ပေါက်လျှင် မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း မာန်မာနမရှိပဲ ယဉ်ကျေးသိမ်မွေ့စွာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးအဖြေရှာရာ၏။ 
၃၈. မည်သူ့ကိုမဆို အတတ်နိုင်ဆုံး ကူညီပံ့ပိုးမှုရှိရာ၏။ Helping hand ရှိရာ၏။
၃၉. မည်သူ့ကိုမဆို (ill treatment, self-conceited, insulting, arrogance, bullying, controversy, confrontation, conflict, & insultingပြုလုပ်ခြင်းများ ရှောင်ကြဉ်ရာ၏။
၄၀. အတင်းအဖျင်းပြောခြင်း (gossiping)၊ ပြစ်တင်ကဲ့ရဲ့ခြင်း (blaming culture)၊ မကောင်းသည့်အပြုအမူ (bad behaviour) တို့ကို ရှောင်ကြဉ်ရာ၏။
၄၁. ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့၏ ဂုဏ်ကျေးဇူး၊ ကျေးဇူးတရား (gratitude) ကို ဘယ်သောအခါမျှ မမေ့ရ၊ အမြဲထာဝရ ကျေးဇူးသိတတ်ရာ၏။ (on repaying debts of gratitude)
၄၂. မိမိ၏ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူတို့သည် မှန်ကန်မှုရှိမရှိ၊ ကောင်းကျိုးရှိမရှိ မိမိကိုယ်မိမိ စမ်းစစ်ကြရာ၏။ (introspection and self-analysis)

မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ အမျိုးဘာသာသာသနာနိုင်ငံတော်၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်တတ်စေရေးနှင့် စပ်လျဉ်း၍ သင်ကြားပို့ချဆုံးမပေးခဲ့သည့် ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး မြို့ မ ဦးသန်းကြွယ်(ပင်လုံစာချုပ်) အားလည်းကောင်း၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တဆိုင်ရာများ၊ မေတ္တာနှင့်သည်းခံခြင်းဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာအသိတရားများ၊ ဗုဒ္ဓဘာသာ၊ လူမှုဆက်ဆံရေးပညာရပ်များနှင့် အခြေခံ ဝိပဿ     နာကျင့်စဉ်များကို မှန်ကန်အကျိုးရှိစွာ နားလည်အသုံးချတတ်စေရေးနှင့် စပ်လျဉ်းပြီး သင်ကြားပို့ချဆုံးမပေးခဲ့သည့် ကွယ်လွန်သူ
မိုးကုတ်ဝိပဿ     နာယောဂီ ကျေးဇူးရှင် မိခင်ကြီး ဒေါ်မြင့်မြင့်ဝင်း (ခ) ဒေါ်အမာ 
အားလည်းကောင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာစသော ကျေးဇူးရှင်အပေါင်းတို့အားလည်းကောင်း။ 
ကျေးဇူးတင်ထိုက်သူအပေါင်းတို့အားလည်းကောင်း ဤဆောင်းပါးဖြင့် ဦးညွတ်ဂါရဝပြု မှတ်တမ်းတင်အပ်ပါသည်။

Good manners are an important thing to learn. Acting appropriate in a way that's socially acceptable and respectful, display respect, care, and consideration for others. Excellent manners can help you to have better relationships with people you know, and those you will meet. If you want to have good manners, then you have to master dining etiquette, phone etiquette, as well as to learn basic etiquette, which includes being polite and holding doors for people. Good manners convey respect to those you interact with, and also commands respect from those you interact with.

How to say polite talk!
How to study good behaviour!
Do you know how to obey and abide the good manners, ethics, civics, etiquette!

Ref:
သိပ္ပံစိုးရင် ၏ ယဉ်ကျေးမှုသမိုင်း စာအုပ်
လိမ္မာယဉ်ကျေး ပြည့်ရင်သွေး၊ ပြည်သူ့နီတိ နှင့် လောကနီတိ၊ မောင်မောင်တိုး
မြို့ မ မြင့်ကြွယ် ၏
မြန်မာ့ယဉ်ကျေးမှုအထူးမှတ်သားဖွယ်နှင့်လူငယ်ရေးရာမှတ်စုများစာအုပ်